ဖွဲ့စည်းပုံပြင်ဆင်ရေး အောင်မြင်သည်အထိ လုပ်ဆောင်ရန် NLD တိုက်တွန်း

ဖွဲ့စည်းပုံပြင်ဆင်ရေး အောင်မြင်သည်အထိ လုပ်ဆောင်ရန် NLD တိုက်တွန်း

ရန်ကုန် ၊ မတ် ၂၇ ။              ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက် ရေးကို နိုင်ငံရေးပါတီများ ၊ တိုင်းရင်းသားမျိုးနွယ်စုများ ၊ တပ်မတော်နှင့် ပြည်သူများလက်တွဲပြီး အောင်မြင်သည်အထိ ဝိုင်းဝန်းကြိုးပမ်းလုပ်ဆောင်ကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တိုက်တွန်း ပြောဆိုလိုက်သည်။

(၇၄) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ နှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် အထက်ပါအတိုင်း တိုက်တွန်းပြောဆိုထားခြင်း လည်း ဖြစ်သည်။

“ဆယ်စုနှစ်ပေါင်းများစွာ ယိုယွင်းပျက်စီးခဲ့ရသည့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာနှင့် စိတ်ဓါတ်ပိုင်းဆိုင်ရာ အခြေအနေများမှ လွတ်လပ်မှု ၊ တန်းတူညီမျှမှု ၊ အပြန်အလှန်ယုံကြည်မှုနှင့် ချမ်းသာကြွယ်ဝမှုရှိသည့် ပတ်ဝန်းကျင်တစ်ခု ပြန်လည်ရှင်သန်လာရေးအတွက် ရုန်းကန်နေရသည် ” ဟုလည်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ကြေညာချက်တွင် တွေ့ရှိရသည်။

လက်ရှိတွင် NLD အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်အတွင်း၌ ပြင်ဆင်နေပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ကိုလည်း ဆောင်ရွက်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ထုတ်ပြန်ချက်တွင် တပ်မတော်သည် ပြည်သူလူထု နှင့် တစ်သားတည်း ရှိနေသည့် အမျိုးသားအင်အားစုဖြစ်ကြောင်း ၊ တပ်မတော်သည် လူတစ်ဦးတစ်ယောက်အတွက် တည်ထောင်ထားခြင်းမဟုတ်ဘဲ တစ်မျိုးသားလုံးအတွက် ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း၏ ပြောစကားများကို ကိုးကားပြီး ဖော်ပြထားသည်။

ယင်းအပြင် တပ်မတော်နှင့်တိုင်းရင်းသားလူမျိုးစုများ၊ ပြည်သူများအကြား အမျိုးသားပြန်လည်သင့်မြတ်ရေး ၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးတို့အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရည်မှန်းချက်ထားပြီး ကြိုးစားဆောင်ရွက်နေသည်ဟုလည်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ကြေညာချက်တွင် ရေးသားထားသည်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required