မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နယ်ပယ်စုံပါဝင်နိုင်သော ကွန်ရက်တစ်ခု ဖွဲ့စည်းမည်

မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နယ်ပယ်စုံပါဝင်နိုင်သော ကွန်ရက်တစ်ခု ဖွဲ့စည်းမည်
ဓာတ်ပုံ- သူရ

ရန်ကုန်၊ မတ်လ ၂၆ ။     ။ ဒေသခံပြည်သူများသာမက တစ်နိုင်ငံလုံးအနှံ့မှ ပြည်သူများပါ ကန့်ကွက်ဆန္ဒပြနေသည့်  မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းရေးအတွက် နယ်ပယ်စုံပါဝင်နိုင်မည့် ကွန်ရက်တစ်ခုကို လာမည့် ဧပြီ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းရန် ရှိနေသည်။

အဆိုပါကွန်ရက်ကို " မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်"ဟု အမည်ပေးထားပြီး ကွန်ရက်ဖွဲ့စည်းခြင်းအခမ်းအနားကို ဧပြီ ၁ ရက်၊ နံနက် ၉ နာရီမှ စတင်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

" ရည်ရွယ်ချက်က ရှင်းတယ် တစ်ခုပဲ။ မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး။ ဖျက်သိမ်းရေးကို ကိုယ်တို့ လုပ်ငန်းစဉ်အနေနဲ့ ဘယ်လိုလုပ်မလဲ။ သပိတ်မှောက်မလား။ ဆန္ဒပြမလား။ မြစ်ဆုံအထိ လမ်းလျှောက်မလား။ သင်္ဘောနဲ့သွားမလား။ ဘာလား။ ညာလား။ ဒါတွေနဲ့ပတ်သက်ပြီး လုပ်ငန်းစဉ်တွေချမယ်။ ကော်မတီဖွဲ့ပြီး ဆုံးဖြတ်ချက်တွေ ချမယ်။ ဒါတစ်ပိုင်းပေါ့။ ဘယ်လိုကော်မတီမျိုးဖွဲ့ချင်တာလဲဆိုတော့ ဖြစ်နိုင်ရင်တော့ လှည်းနေ၊ လှည်းအောင်း၊ မြင်းဇောင်းမကျန်၊ တစ်ယောက်မကျန်ပါတဲ့ ကော်မတီဖွဲ့ချင်တာ။ ဒါပေမယ့် ဘယ်လောက် ပါမလဲ မသိသေးဘူး"ဟု အဆိုပါ ကွန်ရက်ဖွဲ့စည်းမည့်အထဲတွင် ပါဝင်သည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးမြတ်ကျော်က ပြောသည်။

မတ်၂၅ ရက်နေ့၊ ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံဘေးတွင် ပြုလုပ်ခဲ့သည့် မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး ကန့်ကွက်ဆန္ဒပြပွဲအပြီးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရပ်နားထားခဲ့သည့်  မြစ်ဆုံစီမံကိန်းကို ဆက်လက်အကောင်အထည် ဖော်၊ မဖော်ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၄ ရက်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ လူထုတွေ့ဆုံပွဲ၌ တိုက်ရိုက်မပြောကြားဘဲ စီမံကိန်းများကို အမြင်ကျယ်ကျယ်ဖြင့် အဘက်ဘက်မှ စဉ်းစားကြရန် တိုက်တွန်းပြောကြားခဲ့မှုများရှိသည်။

ယင်းစကားအပေါ် အရပ်ဘက်အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူများအကြား မြစ်ဆုံစီမံကိန်း ပြန်စမည့် အရိပ်အယောင်အဖြစ် ယူဆကာ စိ်ုးရိမ်လျက်ရှိသည်။

ထို့အပြင် လာမည့် ဧပြီလအတွင်း ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံ၊ ဘေကျင်းသို့ သွားရောက်ကာ မြစ်ဆုံရေကာတာ စီမံကိန်းကို ပြန်စမည်ဆိုသော သတင်းပေါင်းစုံထွက်နေသည့်အပေါ် စိုးရိမ်မှုများရှိနေပြီး ယင်းအပေါ် ရှင်းရှင်းလင်းလင်း ပြည်သူလူထုကို အသိပေးစေချင်သည်ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးမြတ်ကျော်က ပြောသည်။

" အပြင်မှာ သတင်းတွေ ထွက်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဘေကျင်းသွားမယ်။ မြစ်ဆုံကို နှစ်ဆန်း တစ်ရက်နေ့မှာ အုတ်မြစ်ချမယ်။ ဒီလိုသတင်းတွေဟာ သူ့အတွက်လည်း ပြည်သူလူထုက နားလည်မှုလွဲနိုင် သလို ကျွန်တော်တို့ နိုင်ငံရေးအင်အားစုတွေ၊ သဘာဝ တိုင်းပြည်အရင်းအမြစ်ကို ချစ်တဲ့ နိုင်ငံသားတွေအနေနဲ့ ကလည်း စိုးရိမ်မှုတွေ ပိုမိုမြင့်တက်စေတဲ့ အချက်မျိုးဖြစ်တယ်။ နောက်ပြီးတော့ မည်သူက မည်သို့ပင် လုပ်မယ် လို့ ကြံစည်စိတ်ကူးပါစေ။ ကျွန်တော်တို့ မျိုးဆက်သည် အနာဂတ်မျိုးဆက်အတွက် တိုင်းပြည်ရဲ့ အရင်းအမြစ် တွေကို ကာကွယ်ဖို့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားဖို့ အတွက် ပြင်ဆင်နေတယ်"ဟု ဦးမြတ်ကျော်က ပြောသည်။

အဆိုပါ ကန့်ကွက်မှုများနှင့် အငြင်းပွားမှု များနေသည့် မြစ်ဆုံရေကာတာစီမံကိန်းသည် တပ်မတော်အစိုးရ လက်ထက်မှ စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ယခင်အစိုးရလက်ထက်၌ သမ္မတဟောင်း ဦးသိန်းစိန်က ၎င်း၏ သမ္မတ သက်တမ်းအတွင်း ယင်းစီမံကိန်းကို ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့သည်။

မြစ်ဆုံ ရေကာတာစီမံကိန်းကို တရုတ်နိုင်ငံမှ ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly