နေပြည်တော်တွင် လေလွင့်ခွေးထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာ ဖွင့်လှစ်ရန် စည်ပင်မှ စီစဉ်နေ

နေပြည်တော်တွင် လေလွင့်ခွေးထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာ ဖွင့်လှစ်ရန် စည်ပင်မှ စီစဉ်နေ
ဓာတ်ပုံ - AFP

နေပြည်တော်၊ မတ် ၂၆  ။             ။ နေပြည်တော်ကောင်စီနယ်မြေတွင် ခွေးဂေဟာတည်ဆောက်ရေးနှင့် ခွေးလေခွေးလွင့်မတိုးပွားရေး မျိုးထိန်း စနစ် ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု စည်ပင်သာယာရေးကော်မတီဝင်(၅) ဦးဆန်းနိုင် က ပြောသည်။

 “ခွေးဂေဟာကတော့လာမယ့် ၂၀၁၉ ၂၀၂၀ ဘတ်ဂျက်မှာ ဘဏ္ဍာရေး စည်းမျဉ်း၊စည်းကမ်းအတိုင်း ရေးဆွဲ တင်ပြနိုင်ဖို့ ကြိုးစားနေပါတယ်”ဟု စည်ပင်သာယာရေးကော်မတီဝင်(၅) ဦးဆန်းနိုင် က ပြောသည်။

စစ်တမ်းကောက်မှုများအရ နေပြည်တော်ကောင်စီနယ်မြေတွင် ခွေးလေခွေးလွင့်အရေအတွက် ၁၂၀၀၀၀ နီးပါး ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆိုလျှင် ၈ သန်းခန့် ရှိကြောင်း သိရသည်။

လက်ရှိတွင် ခွေးလေခွေးလွင့်များကို ရှင်းလင်းပေးရန် တောင်းဆိုစာများအရ စည်ပင်မှ အဆိပ်ချ ရှင်းလင်း နေသော်လည်း အများ အမြင်မတင့်တယ်သည့် ပုံစံမျိုး ဖြစ်နေကာ တိရစ္ဆာန်ချစ်သူများကလည်း ကန့်ကွက်သည့်အတွက် ဂေဟာတည်ဆောက်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 “အကောင်အရေအတွက်ကတော့ ကျွန်တော်တို့က ၅၀၀ လောက်က စဖို့ စဉ်းစားထားပါတယ်။ ပြီးတော့မှ ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီးတော့ တစ်ဆင့်ချင်း တိုးမြှင့်ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်။ အဓိက ကတော့ ကျွန်တော်တို့က လေလွင့်ခွေးကို ဖမ်းဆီးပြီးတော့မှ Shelter မှာ ထိန်းပြီးရင် ကျွန်တေ်ာတို့က မျိုးဆက်ခြား သားထိန်းစနစ်ကို အဓိက ဆောင်ရွက်ချင်လို့ပါ”ဟု ၄င်းက ဆိုသည်။

၄င်းဂေဟာတွင် ခွေးများကို အကောင်ရေ ၅၀၀ မှ စတင်လက်ခံသွားမည် ဖြစ်ကာ သားဆက်ခြားပေးမည်ဖြစ်ပြီး ကုန်ကျစရိတ်မှာ တစ်ကောင်လျှင် ကျပ် ၂၀၀၀၀ မှ ၂၅၀၀၀ အကြားတွင် ရှိကြောင်း သိရသည်။

လက်ရှိ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ဇီးကုန်းကျေးရွာနားတွင် လေလွင့်ခွေးကောင်ရေ ၃၀၀ ကျော်ကို ဂေဟာဖြင့် ပြုစုစောင့်ရှောက်ထားသည့် မသီရိချိုက ယခုကဲ့သို့ ဆောက်လုပ်မည့်အပေါ်တွင် ဝမ်းသာကြောင်း သူ့အမြင်ကို ပြောသည်။

 “အရမ်းကို ဝမ်းသာပါတယ်။ ကျွန်မအနေနဲ့တော့ လမ်းဘေးမှာ အဆိပ်ချပြီးတော့ ဘဝဆိုးတွေ မြင်ရမှာထက် စာရင် သူတို့ကို ပုံမှန်ပိုင်ရှင်မရှိတဲ့ လေလွင့်ခွေးဆိုလည်း ခွေးရူးကာကွယ်ဆေးလေးတွေ တစ်နှစ် တစ်ကြိမ် ပုံမှန် ထိုးပေးမယ်။ အထီးဆိုလည်း သင်းပေးမယ်ပေါ့။ အမတွေလည်း သားကြောဖြတ်ပေးမယ်ပေ့ါ။ ဒါ နိုင်ငံတော်ကမှ ဒီလို ဝန်ဆောင်မှုမျိုးလေးတွေ လုပ်ပေးမယ်ဆိုရင် နောင် နှစ်ပေါင်းများတော့ လေလွင့်ခွေး ဆိုတာကတော့ ရှိချင်မှကို ရှိတော့မှာပါ”ဟု မသီရိချိုက ပြောသည်။

ဂေဟာကို ပုဗ္ဗသီရိမြို့နယ်၊ ချင်းတွင်းလမ်းနှင့် ဘုဏ်းကွဲဆည်အကြားရှိ မြေ ၅ ဧကအပေါ်တွင် တည်ဆောက် စီစဉ်နေပြီး ဆောက်လုပ်မှုအတွက် မြန်မာငွေကျပ် ၁ ဘီလီယံခန့် ကုန်ကျသွားမည်ဖြစ်ပြီး၊ ဘတ်ဂျက်အပေါ် မူတည်ကာ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ပထမအဆင့်အနေဖြင့် ကျပ်သန်း ၂၀၀ နှင့် ၃၀၀ အကြား အကုန်ကျခံ လုပ်ဆောင်မည်ဟု စည်ပင်ဘက်မှ သိရသည်။

“တစ်ဖက်ကလည်း ဒီလိုထိန်းသိမ်းဆောင်ရွက်သလို လက်ရှိ စိန်ခေါ်မှုလုပ်နေတဲ့ကိစ္စကို ကျွန်တေ်ာတို့က လက်ရှိသုံးနေတဲ့နည်းလမ်းနဲ့ပဲ ဆက်ပြီးတော့ ဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။ တစ်ဖက်က ဒီဟာကို မျိူးဆက်ခြားသားထိန်းစနစ်နဲ့ သွားသလိုမျိုး တစ်ဖက်က ဆေးချပြီးတော့ ရှင်းလင်းတဲ့ပုံစံမျိုးတွေလည်း လုပ်နေရဦးမှာပဲ။ ဒီအတွက်ကလည်း ကျွန်တေ်ာတို့က စိတ်မကောင်းပေမယ့်လည်း ဒါက အများအတွက် ဖြစ်တဲ့အတွက် လုပ်ရမှာပါပဲ ”ဟု စည်ပင်သာယာရေးကော်မတီဝင်(၅) ဦးဆန်းနိုင်က ဆိုသည်။

အဆိုပါဂေဟာတွင် ခွေးလေခွေးလွင့်များ စတင်လက်ခံပြီးပါက တစ်ရက်ကျွေးမွေးကုန်စရိတ်မှာ တစ်ကောင် လျှင် ကျပ် ၅ဝဝခန့် ကုန်ကျမည်ဖြစ်ပြီး၊ စေတနာဖြင့် ကူညီစောင့်ရှောက်ပေးမည့် ပညာရှင်များ၊ အလှူရှင်များ လည်း လိုအပ်ကြောင်း သိရသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနမှ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ မတ် ၂၆ ရက်နေ့အထိ လေလွင့်ခွေးများကို ရှင်းလင်းထားသည့်ကောင်ရေ ၁၃၀၇၈ ကောင် ရှိကြောင်း စာရင်းများအရ သိရသည်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly