ခံတွင်းသန့်ရှင်းရေးနှင့် သင့်ကျန်းမာရေး

ခံတွင်းသန့်ရှင်းရေးနှင့် သင့်ကျန်းမာရေး

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ခံတွင်းကျန်းမာရေးက ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေတယ်ဆိုတာကို သိပြီးပြီလား။ ခံတွင်းမှာဖြစ်တဲ့ ပြဿနာတစ်ခုခုက အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုပါ ထိခိုက်စေတယ်ဆိုတာကိုပေါ့။ တကယ်တော့ သွားနဲ့ ခံတွင်းကို ဂရုစိုက်မှုက ခံတွင်းနံ့ဆိုးကင်းပြီး သွားလေးတွေဖြူဖွေးသန့်စင်စေတဲ့အပြင် အပြုံးလှလှလေးတွေပြုံးနိုင်စေတယ်ဆိုတာထက် ပိုပါတယ်။ ခံတွင်းကျန်းမာရေးက ဘယ်လောက်ထိ တာသွားလဲသိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကအဖြေပေးနိုင်မှာပါနော်။
ခံတွင်းကျန်းမာရေးက ဒီလောက်ထိ အကျိုးသက်ရောက်မှုရှိနေပါတယ်

ခံတွင်းကျန်းမာရေးက ခန္ဓာကိုယ်ကျန်းမာရေးအတွက်အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေတာပါ။ ခံတွင်းကျန်းမာရေးကို သေချာလေးဂရုစိုက်မယ်ဆိုရင် ကျန်းမာရေးကောင်းလာမှာအသေအချာပါ။ ခံတွင်းကျန်းမာရေးကောင်းတာက ပြင်းထန်တဲ့ရောဂါတွေဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်သလို မှတ်ဉာဏ်ကောင်းစေနိုင်ပါတယ်။ ခံတွင်းကျန်းမာရင်  ရောဂါကင်းစင်ပြီး ကျန်းမာမယ်ဆိုတာက တိုက်ရိုက်အချိုးကျနေတဲ့ အမှန်တရားတစ်ခုပါ။

ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပါလို့ပြောရတဲ့ အကြောင်းအရင်းက ခံတွင်း၊သွားနဲ့သွားဖုံးတွေကျန်းမာစေဖို့ဆိုတာထက အများကြီးပိုပါတယ်။ ပါးစပ်က ခန္ဓာကိုယ်ရဲ့ ဝင်ပေါက်ပါ။ ခံတွင်းကျန်းမာရေးကိုသာသေချာဂရုမစိုက်ဘူးဆိုရင် ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကောင်းကျိုးမရှိဘဲဆိုးကျိုးတွေပဲဖြစ်လာမှာပါ။ သွားတွေကိုက်မယ်၊ သွားဖုံးကနေသွေးထွက်မယ်၊ ခံတွင်းန့့ံဆိုးမယ်။ ဒါတွေက ခံတွင်းကျန်းမာရေးဂရုစိုက်မှုအားနည်းနေတယ်ဆိုတဲ့ လက္ခဏာတွေပါ။ ခံတွင်းကျန်းမာရေးအားနည်းတဲ့အခါ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ အလွယ်တကူပေါက်ဖွားလာပြီး သွေးကြောတွေထဲကို ရောက်ရှိသွားမှုကနေတဆင့် ကိုယ်တွင်းမှာ ရောဂါတွေခံစားရနိုင်ပါတယ်။ ဒါကြောင့်ခန္ဓာကိုယ်ကျန်းမာစေဖို့ သွားနဲ့ခံတွင်းကို သေချာလေးဂရုစိုက်ဖို့လိုပါမယ်။
 ခံတွင်းကျန်းမာရေးအားနည်းရင် ဘာတွေဖြစ်လာမလဲ

ခံတွင်းကျန်းမာရေးကို သေချာဂရုမစိုက်တဲ့အခါ

နှလုံးသွေးကြောဆိုင်ရာ ရောဂါ

ခံတွင်းကျန်းမာရေးအားနည်းသူတွေက အခြားသူတွေထက်နှလုံးရောဂါခံစားရနိုင်ခြေပိုများပါတယ်။ သွားဖုံးကိုရောင်ရမ်းစေတဲ့ဘက်တီးရီးယားတွေက သွေးကြောထဲကိုရောက်သွားတဲ့အခါ သွေးကြောထဲမှာ အနယ်အနှစ်တွေဖြစ်စေပြီး သွေးကြောတွေကို မာကြောသွားစေနိုင်ပါတယ်။ ဒီအခြေအနေက သွေးစီးဆင်းမှုကို ထိခိုက်စေနိုင်ပြီး နှလုံးသွေးကြောပိတ်တာ ရုတ်တရက်နှလုံးရပ်တာမျိုးတွေကိုဖြစ်စေနိုင်ပါတယ်။

Dementia (မှတ်ဉာဏ်ချို့ယွင်းခြင်း)

ခံတွင်းကျန်မာရေးအားနည်းတာက ဦးနှောက်ကိုထိခိုက်စေနိုင်ပါတယ်။  ရောဂါပိုးတစ်ခုခု ကူးစက်ခံရတာကြောင့် သွားဖုံးရောင်ရမ်းတဲ့အခါ ထွက်လာတဲ့ ဓာတ်ပစ္စည်းတွေက ဦးနှောက်ဆဲလ်တွေကို ပျက်စီးစေပြီး မှတ်ဉာဏ်ဆုံးရှုံးမှုကိုဖြစ်စေနိုင်ပါတယ်။

အသက်ရှုလမ်းကြောင်း ပိုးဝင်ကူးစက်ခြင်း

အသက်ရှုလမ်းကြောင်းပိုးဝင်ကူးစက်မှုက ခံတွင်းသန့်ရှင်းရေးအားနည်းတာကြောင့်ပါ။ ခံတွင်းထဲက ဘက်တီးရီးယားတွေက သွားတွေမှာ ကူးစက်တာ၊ သွားဖုံးတွေရောင်စေတာအပြင် အဆုတ်တွေထဲထိရောက်ရှိပြီး နောက်ဆုံး သွေးကြောတွေထဲအထိရောက်ရှိသွားနိုင်ပါတယ်။ ဒီဘက်တီးရီးယားတွေက အဆုတ်ရောင်၊  ပြင်းထန်လေပြွန်ရောင်ရမ်းမှုဝေဒနာနဲ့ အသက်ရှုလမ်းကြောင်း ပိုးဝင်ကူးစက်မှုတွေကို ခံစားရနို်င်ပါတယ်။

ဆီးချိုရောဂါ

ခံတွင်းသန့်ရှင်းမှုအားနည်းတာက သွားဖုံးတွေမှာ ပိုးဝင်ကူးစက်မှုတွေဖြစ်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့ ခက်ခဲစေနိုင်ပါတယ်။ ဒီအခြေအနေက ရေရှည်ဖြစ်လာတဲ့အခါ ဆီးချိုရောဂါအခြေအနေက ပိုဆိုးလာစေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိစေနိုင်ဖို့အတွက် ခံတွင်းကျန်းမာရေးကို ဂရုစိုက်တာက အကောင်းဆုံးသောနည်းလမ်းတစ်ခုပါ။

လမစေ့ဘဲ ကလေးမွေးဖွားခြင်း

ကိုယ်ဝန်ဆောင်မိခင်တွေမှာလည်း ခံတွင်းကျန်းမာရေး အားနည်းမယ်ဆိုရင် လမစေ့ဘဲ ကလေးမွေးဖွးတာနဲ့ ပေါင်မပြည့်ဘဲ ကလေးမွေးဖွားတာမျိုးတွေဖြစ်နိင်ပါတယ်။

ကင်ဆာ

ဆေးလိပ်သောက်တာလိုမျိုးခံတွင်းကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အရာတွေကို အသုံးပြုပြီး ခံတွင်းကို သေချာဂရုစိုက်မှုမရှိဘူးဆိုရင် ခံတွင်းကင်ဆာနဲ့ လည်ချောင်းကင်ဆာတွေကိုဖြစ်စေနိုင်ပါတယ်။ သွားဖုံးရောဂါခံစားရတဲ့အခါ ဒီကင်ဆာတွေအပြင် အခြားသောကင်ဆာရောဂါတွေကိုပါဖြစ်စေနိုင်ပါတယ်။ ခံတွင်းကျန်းမာရေးအားနည်းတာကြောင့် ကျောက်ကပ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ သွေးကင်ဆာတွေခံစားရနိုင်ခြေကလည်း ပုံမှန်ထက်ပိုများနေနိုင်ပါတယ်။

ကျောက်ကပ်ရောဂါ

နာတာရှည်ကျောက်ကပ်ရောဂါက ကျောက်ကပ်၊နှလုံး၊ အရိုးနဲ့သွေးပေါင်ချိန်တို့ကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ခံတွင်းကျန်းမာရေးအားနည်းတာကြောင့် သွားဖုံးမှာပိုးဝင်ကူးစက်ခံရသူတွေက ကိုယ်ခံအားနည်းပြီး ကျောက်ကပ်ရောဂါခံစားရနိုင်ခြေ အခြားသူတွေထက်ပိုများနေပါတယ်။

လေးဖက်နာရောဂါ

သွားဖုံးရောဂါခံစားနေရသူတွေက အခြားသူတွေထက် သွားဖုံးရောဂါခံစားရနိုင်ခြေ ၄ ဆ ပိုများနေပါတယ်။သွားဖုံးကိုရောင်ရမ်းစေတဲ့ ဘက်တီးရီးယားတွေက ခန္ဓာကိုယ်က အဆစ်တွေကို ပိုရောင်စေနိုင်သလို လေးဖက်နာရောဂါခံစားရနိုင်ခြေကိုပိုများစေနိုင်ပါတယ်။
ဘယ်လိုကာကွယ်မလဲ

ခံတွင်းသန့်ရှင်းမှုအားနည်းတာကြောင့် နောက်ဆက်တွဲရောဂါတွေမဖြစ်စေဖို့ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့ တိုက်တွန်းပါရစေ။

    တစ်နေ့ ၂ ကြိမ်၊ တစ်ခါတိုက်ရင် ၂ မိနစ်ကြာသွားတိုက်ပေးပါ။
    သွားပွတ်ကြိုးသုံးပြီးနေ့စဉ် သွားသန့်ရှင်းပါ။
    ဆေးလိပ်နဲ့ ဆေးရွက်ကြီးကိုရှောင်ပါ။
    ဖလိုရွိုက်ပါတဲ့ သွားတိုက်ဆေးကို ရွေးချယ်ပါ။
    အချိုများတဲ့အစားအစာတွေနဲ့ အချိုရည်တွေကို လျှော့စားပါ။
    ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားသုံးပေးပါ။

ဒီနေ့ကစလို့ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပြီး နောက်ဆက်တွဲရောဂါတွေကနေ ကိုယ့်ကိုကိုယ် ကာကွယ်လိုက်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly