ငရုတ်စပ်စပ်ကို နှစ်သက်သူတွေ နှလုံးရောဂါအန္တရာယ်နည်းပါး

ငရုတ်စပ်စပ်ကို နှစ်သက်သူတွေ နှလုံးရောဂါအန္တရာယ်နည်းပါး

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ချဉ်စပ်လေးမှ၊ ရှူးရှဲလေးမှ ကြိုက်တယ်ဆိုသူတွေအတွက်တော့ ဝမ်းသာစရာဖြစ်တော့မှာပဲ။ ငရုတ်သီးစပ်စပ်လေးကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေအန္တရာယ်ပိုနည်းစေနိုင်တယ်လို့ သုတေသနကဖော်ပြခဲ့ပါတယ်။

စားကာစတော့ လျှာမှာပူပြီးထုံသွားမယ်၊ နှုတ်ခမ်းနဲ့ ခံတွင်းထဲမှာ ပူစပ်ပူစပ်ဖြစ်လာပြီးတဲ့နောက်တော့ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့တုံ့ပြန်မှုတွေစလာပါတယ်။ ချွေးတွေ၊ မျက်ရည်တွေ၊နှာရည်တွေ၊ တံတွေးတွေ အကုန်ပွင့်ထွက်လာပါရော။ ဒီတော့ ဘာအတွက်ကောင်းလဲပေါ့။ အစပ်မကြိုက်သူတွေကပြောတယ်။ ဘာအရသာများရှိလို့လဲ၊ ဘာအကျိုးကျေးဇူးရှိလဲဆိုတာမျိုး။

အကျိုးကျေးဇူးကရှိပါတယ်။ ဥပမာ ဖျားချင်ချင်ဖြစ်နေရင် ပူပူစပ်စပ်လေးစားပြီး ချွေးထုတ်တာ၊ခေါင်းမကြည်လို့ ချွေးထွက်အောင် စားလိုက်တာ၊ ထမင်းစားပျက်နေရင် အစပ်လေးပါတော့ မြိန်သွားတာမျိုး။ အစာအိမ်ရောဂါရှိရင်တော့ သတိထားပေါ့။ အစပ်စားခြင်းက အဆီကျစေဖို့ အထောက်အကူပြုတယ်လို့ သုတေသနတစ်ခုက ဖော်ပြဖူးပါတယ်။

အစပ်စားခြင်းက ဇီဝကမ္မဖြစ်စဉ်ကို မြန်စေပြီး ကယ်လိုရီတွေကို မြန်မြန်လောင်ကျွမ်းစေနိုင်တယ်လို့ University Of Wyoming သုတေသီတွေက ပြောပါတယ်။  အစပ်ကဲတဲ့အစားအစာတွေက ဘီယာနဲ့တွဲရင်တော့ အဆီကျစေတဲ့အကျိုးကျေးဇူးကိုလျော့ပါးစေနိုင်တယ်။အမျိုးသား ၁၆၀၀၀ လေ့လာခဲ့တဲ့ ၂၀၁၇ ခုနှစ် University Of Vermont ရဲ့သုတေသနတစ်ခုအရ ငရုတ်သီးကြိုက်သူတွေဟာ သေဆုံးနိုင်ခြေ ၁၃ ရာခိုင်နှုန်းလျော့နည်းတယ်လို့ ဆိုပါတယ်။

ငရုတ်သီးမှာပါတဲ့ capsaicin ဓာတ်က ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုကို လျော့နည်းစေနိုင်တယ်လို့ ပူးတွဲသုတေသီ ဒေါက်တာ  Benjamin Litternberg ကရှင်းပြခဲ့ပါတယ်။  ငရုတ်သီးကြိုက်သူတွေက နှလုံးသွေးကြောရောဂါ၊ နှလုံးရုတ်တရက်ရပ်ခြင်းနဲ့ လေဖြတ်ခြင်းတို့ကြောင့် သေဆုံးရနိင်ခြေအနည်းဆုံးပါပဲတဲ့။

ငရုတ်သီးမှာ ဗိီတာမင် အေ၊ စီ တို့အပြင် သံဓာတ်နဲ့ ပိုတက်ဆီယမ်တို့လို အာဟာရဓာတ်တွေလည်းကြွယ်ဝပါတယ်။ capsaicin  ရဲ့အာနိသင်တွေထဲမှာ ချင်းနဲ့ပေါင်းလိုက်ရင် ကင်ဆာကာကွယ်နိုင်တဲ့ အစွမ်းသတ္တိလည်းပါဝင်ပါတယ်။  သုတေသနတွေအရ ချင်းမှာပါတဲ့ 6-ginerol က အကျိတ်ဖြစ်ပေါ်မှုကို ဟန့်တားနိုင်တယ်လို့ သိရပါတယ်။

တစ်ခုရှိတာတော့ capsaicin က ရောင်ရမ်းမှုဖြစ်စေတတ်လို့ အစာအိမ်နဲ့ အူသိမ်ဦးတို့အတွက် သတိထားသင့်ပါတယ်။ ရောင်ရမ်းတာ ဒါမှမဟုတ် ပူလောင်စေတာဖြစ်လာခဲ့ရင် ဆဲလ်သေဆုံးမှုတွေကြောင့်ဖြစ်နိုင်လို့ တာရှည်ရောင်ရမ်းမှုက ထိခိုက်မှုရှိစေနိုုင်တယ်၊ စားချဉ့်ပြန်ရောဂါရှိရင်လည်း အစပ်လျှော့စားသင့်ပါတယ်။ ဒါ့ကြောင့် အစာအိမ်နဲ့အူလမ်းကြောင်းမကောင်းရင်တော့ သိပ်မစားသင့်ပါဘူး။

ဘာအရသာ မို့လဲ

ငရုတ်သီးကိုကြိုက်ကြတာ ဘာကြောင့်လဲဆိုတော့ ပြန်တော့ဖြေတတ်ကြမယ်မထင်ပါဘူး။ အစပ်စားလိုက်တဲ့အခါ ထိတွေ့မှုနဲ့အပူချိန်ဆိုင်ရာ အာရုံနှိုးဆွမှုတွေဖြစ်လာလို့ အရေပြားနေရာအနှံ့ရယ်၊ နှာခေါင်း၊ပါးစပ်နဲ့ မျက်လုံးတို့ရဲ့ ချွဲအမြှေးပါးတွေကိုပါ အာရုံနှိုးဆွနိုင်တာပါ။  စိတ်ဝင်စားဖို့ကောင်းတာက အစပ်ဟာ ချို၊ချဉ်၊ငန်၊ခါး တို့လို သက်ဆိုင်ရာလျှာအစိတ်အပိုင်းတွေမှာမှ ခံစားသိရှိနိုင်တဲ့ အရသာတွေမဟုတ်ဘဲ သူ့အရသာကို လျှာတစ်ခုလုံးမှာ ခံစားရတာပဲဖြစ်တယ်လို့  Science Centre Singapore ရဲ့အမှုဆောင်ချုပ် တွဲဖက်ပါမောက္ခ Lim Tit Meng ကပြောပါတယ်။

ပူစပ်တာလေးစားလိုက်တဲ့အခါ endorphin နဲ့ dopamine တို့လို ဓာတ်တွေထုတ်ပေးတဲ့နည်းနဲ့ ခန္ဓာကိုယ်က အလိုအလျောက်တုံ့ပြန်ပါတယ်။

“ Endorphin က ပူတာ၊စပ်တာ၊နာကျင်တာလို ခံစားချက်တွေသတင်းပို့တဲ့ အာရုံကြောလုပ်ဆောင်ချက်တွေကို တားဆီးပေးပြီး dopamine ကတော့ ပျော်ရွှင်သာယာတဲ့ခံစားချက်ကို ဖြစ်လာစေတယ်” လို့ Changi General Hospital မှ အာဟာရပညာရှင် Charlotte Tan ကပြောပါတယ်။

ဘာလို့ အစပ်လေးပါစေချင်တာလဲ

အာရှလူမျိုးတွေတော်တော်များများ အစပ်ကို ဘာလို့နည်းနည်းဖြစ်ဖြစ်ထည့်ကြတာလဲဆိုတော့ သူ့ရဲ့ဘက်တီးရီးယားသေစေတဲ့အာနိသင်ကြောင့် အစားအသောက်ကို တာရှည်ခံစေဖို့ရည်ရွယ်ချက်နဲ့ပါ။ အစပ်မစားနိုင်ဘူးဆိုပေမယ့် အနည်းငယ်တော့စားလို့ရတယ်ဆိုတာ Capsaicin ရဲ့အာရုံပြယ်အာနိသင်ကို ယုံကြည်လိုက်ပါ။ Capsaicin desensitisation ဆိုတာ အစပ်ခဏခဏစားပေးရင် ပူစပ်တဲ့အာရုံခံစားချက်ကို လျော့နည်းလာစေတယ်လို့ ဆိုပါတယ်။ အစပ်ကြိုက်တဲ့သူတွေ တော်ရုံနဲ့ မစပ်တာ၊ မတိုးတာ တွေက ဒီဖြစ်စဉ်ကြောင့်ပါ။ capsaicin  နဲ့မကြာခဏထိတွေ့မိရင် ပူစပ်တဲ့အာရုံပို့လွှတ်မှုကို တားဆီးနိုင်တယ်လို့ သိရပါတယ်။

ဥပမာ မက္ကဆီကို မိဘတွေက ကလေးတွေကို အစပ်စားနိုင်အောင် ငရုတ်သီးမှုန့်နဲ့သကြားရောစပ်ထားတဲ့အထုပ်လေးတွေထည့်ကျွေးတတ်တယ်လို့ သိရပါတယ်။

အစပ်ပြေစေနိုင်တဲ့အရာတွေကတော့ နွားနို့၊ ဒိန်ချဉ်တို့နဲ့အဆင်ပြေပါလိမ့်မယ်။ နို့ထွက်ပစ္စည်းတွေက capsaicin နဲ့ပေါင်းစည်းနိုင်တဲ့ casein ဓာတ်တွေပါဝင်ပြီး မျိုချတဲ့အခါ အတူပါသွားစေတတ်တယ်။ capsaicin  ကိုစုပ်ယူသွားနိုင်တဲ့ ပေါင်မုန့်တို့၊ ထမင်းတို့ကလည်း အစပ်ပြေစေနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly