ဂိုလန်ကုန်းမြင့်ကို အစ္စရေး အချုပ်အချာအာဏာပိုင်အဖြစ် အသိအမှတ်ပြုကြောင်း ထရမ့် ကြေညာ

ဂိုလန်ကုန်းမြင့်ကို အစ္စရေး အချုပ်အချာအာဏာပိုင်အဖြစ် အသိအမှတ်ပြုကြောင်း ထရမ့် ကြေညာ

မတ် ၂၆ ။              ။ ၁၉၆၇ ခုနှစ်က ဆီးရီးယားထံကနေ သိမ်းပိုက်ရယူထားခဲ့တဲ့ ဂိုလန်ကုန်းမြင့်ကို အစ္စရေးတို့ရဲ့ အချုပ်အချာအာဏာပိုင်နက်အဖြစ် အမေရိကန်က တရားဝင် အသိအမှတ်ပြုကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၂၅ရက်မှာ လက်မှတ်ထိုးထုတ်ပြန်လိုက်ပါတယ်။

ယင်းအတွက်ကြောင့်လည်း မကြာမီမှာ ခက်ခဲတဲ့ ရွေးကောက်ပွဲတစ်ရပ် ဖြတ်သန်းရဖို့ ရှိနေတဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုအတွက် နောက်ထပ် အဓိကကျတဲ့ သံတမန်အောင်ပွဲတစ်ခုကို ရရှိသွားစေခဲ့ပါတယ်။

ခုဆို မစ္စတာ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ မိမိတို့ရဲ့ အချုပ်အချာအာဏာကို ပေါ်ပေါ်ထင်ထင် တိုက်ခိုက်လိုက်ခြင်း ဖြစ်ကြောင်း ဆီးရီးယားတို့က တုန့်ပြန်ပြောဆိုသွားပါတယ်။ ဒါ့အပြင် ယင်း နယ်မြေ ဧရိယာကို ပြန်ရဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းသွားမယ်လို့ ကြုံးဝါးသွားပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ယင်း ဂိုလန်ကုန်းမြင့်ကို ဘယ်တော့မှ ပြန်ပေးမှာမဟုတ်ဘူးလို့ ပြောသွားပါတယ်။

အစ္စရေးတို့က ယင်း ဂိုလန်ကုန်းမြင့်ကို ၁၉၈၁ ခုနှစ်မှာ တိုးချဲ့မှုတွေ လုပ်ခဲ့ပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းကတော့ မည်သည့်အခါကမှ အစ္စရေးပိုင်အဖြစ် အသိအမှတ်ပြုခဲ့ခြင်း မရှိပါဘူး။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ၎င်းတို့ဘက်ကတော့ ဂိုလန် အနေအထားနဲ့ပတ်သက်လို့ အရင်အတိုင်း မပြောင်းမလဲဘဲ ဆက်ရှိနေမယ်လို့ ပြောသွားပါတယ်။

 

 
    
    
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly