မိုးကောင်းတွင် အဆန်ကုန်ရထားတစ်စီး ဘီးကျွတ်ထွက်ကာ တွဲချော်မှုဖြစ်ပွား

By သန်းလွင်ဦး (CJ)
26 March 2019
မိုးကောင်းတွင် အဆန်ကုန်ရထားတစ်စီး ဘီးကျွတ်ထွက်ကာ တွဲချော်မှုဖြစ်ပွား
ဓာတ်ပုံ-သန်းလွင်ဦး

မိုးကောင်း၊ မတ် ၂၅ ။      ။ မန္တလေးဘက်မှ မောင်းနှင်လာသော အဆန်ကုန်ရထားတစ်စင်းသည် မတ် ၂၅ ရက်နေ့၊ ညနေ ၃ နာရီခန့်က ဘီးကျွတ်ထွက်ကာ ရထားတွဲချော်မှု မိုးကောင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်။

မိုးကောင်းမြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ ကြာအင်းရွာမအနီး ထိုပူး-မိုးကောင်းဘူတာကြား ၊ မီးရထားသံလမ်းမိုင်တိုင်အမှတ် ၆၈၄/၁၁-၁၂ကြား၌  ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ မန္တလေးဘက်မှ မိုးကောင်းဘက်သို့ မောင်းနှင်လာသော စက်ခေါင်းအမှတ် DD-1216 အမှတ် (၂၄၇) အဆန်ကုန်ရထားသည် ကြာအင်းကျေးရွာအုပ်စု၊ ကြာအင်းရွာမအနီး၌ ရထားဘီး ၈ ဘီးလုံး ကျွတ်ထွက်ကာ သံလမ်းဝဲဘက်အခြမ်းသို့ ကျ၍ ရထားစက်ခေါင်းမှာ ဆန့်ကျင်ဘက် လာရာအရပ်သို့ တစ်ပတ်ပြန်လည်သွားခဲ့သည်။

ထို့ကြောင့် စက်ခေါင်းနောက်ကပ်လျက် အတွဲ CFBW -17421 ၏ အတွဲလိုက်ဘီးများ စောင်းသွားကာ စက်ခေါင်းနောက် ဒုတိယတွဲ CFBW-17412 ၏ ဘီးများ ရထားသံလမ်းတွင်း ကျခဲ့သော တွဲချော်မှုဟု သိရသည်။

၄င်းနေရာသို့ သံလမ်းအုပ် ဦးစိုးသက်ဦးနှင့်အဖွဲ့မှ လာရောက်ကြည့်ရှု စစ်ဆေးခဲ့သည်ကို တွေ့ရပြီး လူထိခိုက်မှု မရှိကြောင်း မိုးကောင်းထွေအုပ်ရုံးမှ သိရသည်။

အဆိုပါတွဲချော်မှုတွင် ကုန်ရထား၏ စက်ခေါင်းတွဲနှင့် ပက်လက်တွဲ(၂) တွဲမှအပ ကျန်ရထားတွဲ ၁၀ တွဲအား ထိုပူးဘူတာတွင် ရပ်နားနေသည့် အဆန် ပါဆယ်ရထား၏ စက်ခေါင်းဖြင့် ယနေ့ ညနေ ၅ နာရီခွဲခန့်တွင် လာရောက်ချိတ်ဆက် ဆွဲယူသွားခဲ့သည်။

လက်ရှိတွင် တွဲချော်ပြီး ကျန်နေသော ရထားတွဲ ၃ တွဲ(စက်ခေါင်းအပါအဝင် ၂ တွဲ)ကို မြစ်ကြီးနားမြို့နှင့်မိုးညှင်းမြို့များမှ လာရောက်ပြီး ကရိန်းများဖြင့် ဆွဲတင်ရန် စီစဉ်နေသည်ဟု သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly