ရခိုင်ပြည်သူများ AA အသုံးချခံ မဖြစ်ဖို့လိုဟု တပ်မတော် ပြော

ရခိုင်ပြည်သူများ AA အသုံးချခံ မဖြစ်ဖို့လိုဟု တပ်မတော် ပြော
 ဓာတ်ပုံ - ဟိန်းထက်/EPA

နေပြည်တော်(မတ်လ ၂၅ရက်၊ ၂၀၁၉ခုနှစ်)။ ။ ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်(AA)က ပြည်သူလူထုကို အကာကွယ်ယူပြီး တပ်မတော်၏ လုံခြုံရေးစစ်ကြောင်းများကို ပစ်ခတ်၊ တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်း ကြောင့် ပြည်သူများအနေဖြင့် AA ၏ အသုံးချခံမဖြစ်စေရန် သတိကြီးစွာဖြင့် ဆောင်ရွက်ရန်လိုသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

 “ပြည်သူလူထု အသက်၊ အန္တရာယ် မထိခိုက်အောင် ကျွန်တော်တို့ လုပ်လို့မရပါဘူး။ ပြည်သူလူထု အသိတရား ရှိဖို့နဲ့ ပြည်သူလူထုအပေါ်မှာ AA အကြမ်းဖက်သောင်းကျန်းသူတွေကနေပြီးတော့ အသုံးချတာကို မခံရဖို့ သတိကြီးစွာနဲ့ ဆောင်ရွက်နိုင်ဖို့ လိုတယ်ဆိုတာလည်း ကျွန်တော့အနေနဲ့ ပြောချင်ပါတယ်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောသည်။

AA အနေဖြင့် ရပ်ကွက်၊ ကျေးရွာများအပြင် ယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ ပုထိုး၊ စေတီများကို အသုံးပြု ကာကွယ်ပြီး ပစ်ခတ်၊ တိုက်ခိုက်မှုများရှိသည်ဟု တပ်မတော်မှ စွပ်စွဲကာ အဆိုပါ လုပ်ဆောင်ချက်များကြောင့် မလိုလားအပ်သည့် ထိခိုက်၊ ဆုံးရှုံးမှုများ ရှိလာနိုင်သည်ဟု နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် မတ် ၂၅ ရက် က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

AA အနေဖြင့် ကျေးရွာလူထုအတွင်း အခြေချ၊ ရောနှောနေထိုင်ခြင်းကို လက်မခံကြရန်နှင့် နီးစပ်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များကို အချိန်နှင့် သတင်းပေးကြရန် မေတ္တာရပ်ခံထားသည်ဟုလည်း ၎င်းက ဆိုသည်။

 “AA နဲ့ပတ်သက်ပြီး တွေ့ရှိချက်တွေ သတင်းရတယ်ဆိုလို့ရှိရင် နီးစပ်ရာ ရဲစခန်း၊ တပ်စခန်းတွေမှာ ပြည်သူလူထုတွေအနေနဲ့ သတင်းပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။ ဒါတွေနဲ့ပတ်သက်လို့လည်း သမ္မတရုံးကို တင်ပြပြီးတော့မှ သမ္မတရုံးကနေပြီးတော့မှ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေကို ဒီသတင်းတွေ ပေးကြဖို့ မေတ္တာရပ်ခံပေးဖို့ ကျွန်တော်တို့ကလည်း တင်ပြထားပါတယ်” ဟု ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောသည်။

သို့သော် ရခိုင်ပြည်သူအများစုအနေဖြင့် KIA ထိန်းချုပ်ရာ ကချင်ပြည်နယ်၊ လိုင်ဇာတွင် AA နေစဉ်ကတည်းက စိတ်ပါဝင်စားကြကြောင်း၊ ရခိုင်ပြည်သူလူထု၏ စိတ်ထဲတွင် မိမိတို့မှာ ဖိနှိပ်ခံရသလို အခွင့်အခွင့်အရေးဆုံးရှုံးပြီး ဥပဒေဘောင်ထဲက လုပ်ဆောင်၍ မရဘဲ လက်နက်ကိုင်တော်လှန်မှဖြစ်မည်ဟု ခံစားလာရသည့်အတွက် ရခိုင်ပြည်နယ်သို့ AA အခြေချလာချိန်တွင် အသင့်စောင့်ပြီး ပူးပေါင်းပါဝင်နေခြင်း ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီမှ မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက မှတ်ချက်ပြုသည်။

ထို့ကြောင့် AA က ရခိုင်ပြည်သူကို အသုံးချနေခြင်း မဟုတ်ဘဲ ပြည်သူအများစုကိုယ်၌က AA ကို လက်ခံသည့် သဘော တွေ့ရကြောင်းနှင့် တပ်မတော်၏ ပြောကြားချက်မှာ ပကတိအခြေအနေမဟုတ်ကြောင်း ဦးဖေသန်းက မဇ္ဈိမကို ပြောသည်။

 “ပြည်သူလူထုက ခေတ်အဆက်ဆက် အစိုးရရဲ့အပေါ်မှာ မကျေနပ်ချက်ကြောင့် အေအေအဖွဲ့ကို စိတ်က ‘ဒါပဲ ငါတို့အတွက် လွတ်မြောက်ရာ လမ်းဖြစ်တယ်။ အေအေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကပဲ ငါတို့အတွက် ထွက်ရပ်လမ်း ဖြစ်တယ်။ လက်နက်မရှိရင် ဘယ်သူမှ အရေးမစိုက်ဘူး။ ဒါကြောင့် လက်နက်ကိုင်ထားရမယ်။ ငါတို့ရခိုင်ပြည်နယ်မှာလည်း လက်နက်ကိုင်အင်အားစုတစ်ခု လိုတယ်’ ဆိုတဲ့ ပုံစံမျိုးနဲ့ ပြည်သူလူက အေအေနဲ့ ပူးပေါင်းပါဝင်နေတာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA အကြား ၂၀၁၅ခုနှစ်က တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ နှစ် နှစ်ကုန်၊ ဒီဇင်ဘာနှောင်းပိုင်းမှစတင်ကာ တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်လာခဲ့သည်။

ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်အဖွဲ့အစည်းများအခြေချရန် ကြိုးပမ်းခြင်းသည် လုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်သည်ဟု အေအေ အပါအဝင် NCA လက်မှတ်မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နှင့် မတ်လ ၂၁ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ပြောထားသည်။

AA ဘက်ကမူ “ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော် တပ်ရှိရေးဟာ ULA ရဲ့ အဓိက ရည်မှန်းချက် ဖြစ်တယ်။ ရခိုင်ပြည်သူတွေကို ရက္ခိုင့်တပ်မတော်ကပဲ လုံခြုံအေးချမ်းဖို့၊ ဖွံ့ဖြိုးဖို့အတွက် တာဝန်ယူနိုင်မှာ ဖြစ်တယ်လို့ ခံယူထားတဲ့အတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်နေတာ ဖြစ်တယ်” ဟု ထိုနေ့တွင်( မတ် ၂၁ )ပင် အေအေကိုယ်စားလှယ် ဗိုလ်မှူးကြီး ကျော်ဟန်က မီဒီယာများကို ပြောဆိုခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေး၊ တိမ်းရှောင်နေကြရသည့် စစ်ရှောင်ပြည်သူဦးရေ ၁၅၀၀၀ ခန့် ရှိလာပြီဖြစ်ကြောင်း ကူညီရေးအဖွဲ့ တာဝန်ရှိသူများက ပြောဆိုထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly