လေးလတာ အပစ်ရပ်မှုအချိန်ကာလ လုံလောက်ပြီဟု တပ်မတော် ပြော

လေးလတာ အပစ်ရပ်မှုအချိန်ကာလ လုံလောက်ပြီဟု တပ်မတော် ပြော

နေပြည်တော်၊ မတ် ၂၅ ရက် ။            ။ စစ်တိုင်းကြီး ၅ တိုင်းတွင် ပစ်ခတ်မှုရပ်စဲထားမှုသည် လာမည့် ဧပြီ ၂၁ ရက်တွင် ပြည့်တော့မည် ဖြစ်ရာ ငြိမ်းချမ်းရေးဆောင်ရွက်ရန်အတွက် လုံလောက်သည့်အချိန် ဖြစ်သည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောသည်။

“လေးလ၊ ကျွန်တေ်ာတို့ ရက်အားဖြင့်ဆိုရင် ၁၃၀ ရှိပါတယ်။ ဒီကာလဟာဆိုရင် တကယ်တမ်းငြိမ်းချမ်းရေးကို လိုလားပြီးတော့ ဆောာင်ရွက်မယ်ဆိုရင် လုံလောက်တဲ့အချိန်ကာလ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန်ကာလကို တွက်ချက်ပြီးတော့မှ သတ်မှတ်ပေးထားတာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောသည်။

ယနေ့ နေပြည်တော်၊ စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် အခြေအနေများနှင့် ငြိမ်းချမ်းရေးဆောင်ရွက်ချက်များအပေါ် ရှင်းလင်းသည့် တပ်မတော်သတင်းစာရှင်းလင်းပွဲ တွင် ပြောခဲ့ခြင်းဖြစ်သည်။

တပ်မတော်အနေဖြင့် စစ်တိုင်းကြီး ၅ တိုင်းတွင် ပစ်ခတ်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ဒီဇင်ဘာလ မှ လာမည့် ဧပြီ ၂၁ ရက် အထိ ၄ လတာကာလ အပစ်အခတ်ရပ်စဲထားခြင်း ဖြစ်သည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေများကို ဒီဇင်ဘာ ၂၁ ရက်နေ့မှ စတင်ကာ ဧပြီ တတိယအပတ်ထိ ၄ လတာ အပစ်ရပ်ထားခြင်းဖြစ်သည်။

စစ်တိုင်း ၅ တိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော KIA ၊ TNLA ၊ MNDAA ၊ RCSS ၊ KNU တပ်များ ရှိနေပြီး KIA နှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

အပစ်ရပ်ခြင်းနှင့် ပတ်သက်၍ တပ်မတော်သည် နိုင်ငံတော်ကို ပြည်ပရန်မှကာကွယ်ပေးရန် ဖွဲ့စည်းပေးထားခြင်း ဖြစ်သောကြောင့် တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း တိုက်ပွဲများကို မဖြစ်ချင်ကြောင်း ၄င်းက ဆက်လက် ပြောသည်။

“ကျွန်တေ်ာတို့ ညီအစ်ကိုအချင်းချင်း တိုက်ပွဲ မလုပ်ချင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အပစ်လည်း ရပ်ပေးတယ်။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ကိုလည်း အစိုးရရော၊ တပ်မတော်ရော ဖြစ်ဖို့ထားတာ ရှိပါတယ်။ ဒီကာလဟာ လုံလောက်တဲ့ကာလလို့ပဲ ကျွန်တေ်ာ ဖြေချင်ပါတယ်”ဟု ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောသည်။

ထိုကာလနောက်ပိုင်းတွင် ၄င်းဒေသများတွင်စစ်ရေးအရှိန် ပြန်လည်မြင့်တက်လာမည်ဟု မှန်းဆမှုများအတွက်၊ မည်ကဲ့သို့ စစ်ရေးလျော့ချမှုကို လုပ်ဆောင်မည်ဟု သတင်းထောက်တစ်ဦး၏ မေးမြန်းအပေါ်တွင် “ ငြိမ်းချမ်းရေးရရှိဖို့အတွက် ယခင် အစိုးရအဆက်ဆက်က ကြိုးစားခဲ့ပါတယ်။ ယခု အစိုးရလက်ထက်မှာတော့ ကျွန်တေ်ာတို့ တပ်မတော်လည်း ကြိုးစားနေတာရှိပါတယ်။ အဲဒီတော့ ကျွန်တေ်ာတို့အစိုးရရော၊  တပ်မတော်ရောက ငြိမ်းချမ်းရေးကို ဖိတ်ခေါ်တယ်။ အပစ်ရပ်ပေးတယ်။ အဲဒါကိုမှ ငြိမ်းချမ်းရေးကို မလိုချင်လို့ ငြိမ်းချမ်းရေးကို ရရှိအောင် ပြည်သူကို ဗဟိုပြု မစဉ်းစားဘဲနဲ့ မိမိအဖွဲ့အစည်းအတွက် စဉ်းစားပြီးကာမှ လုပ်လာခဲ့ရင် လုပ်တဲ့အဖွဲ့မှာပဲ တာဝန်ရှိမှာဖြစ်ပါတယ်။ အချိန်ကတော့ လုံလောက်အောင် ပေးထားပါတယ် ”ဟု ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောသည်။

အဆိုပါ တိုင်း ၅ တိုင်းတွင် အပစ်ရပ်ကြေညာထားသည့် ဒီဇင်ဘာ ၂၁ ရက်နေ့မှ ယခုလ မတ် ၂၃ရက်နေ့အထိ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ၃၀ ကြိမ်၊ တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ၄၀ ကြိ်မ်၊ နယ်မြေကျော်လွန်လှုပ်ရှားမှု ၃၈၀ ကြိမ်၊ ဆက်ကြေးကောက်ခံမှု ၃၂ ကြိမ် နှင့် လူသစ်စုဆောင်းမှု ၃၈ ကြိမ် ရှိကြောင်း သိရသည်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required