အပြာရောင် တီရှပ်ဝတ်လူငယ်တို့ရဲ့ လှုံ့ဆော်သံ

အပြာရောင် တီရှပ်ဝတ်လူငယ်တို့ရဲ့ လှုံ့ဆော်သံ

ရန်ကုန်  (Myanmar Now) - မိုးအကုန်ဆောင်းအကူးနေ့အပူရှိန်က နွေကာလမွန်းတည့်နေလိုပြင်းထန်လွန်းပေမယ့် ရန်ကုန်ဆင်ခြေဖုံးလှိုင်သာယာမြို့နယ်ကလမ်းတွေပေါ် လျှောက်သွားနေကြတဲ့ အပြာရောင်တီရှပ်ဝတ် လူငယ်တစ်စုကတော့ ရာသီဥတုကို အမှုမထားနိုင်ဘဲ အလုပ်ရူပ်နေကြပါတယ်။

“ကျွန်ုပ်တို့အနာဂတ်ကို ပြောင်းလဲစေနိုင်သော ရွေးကောက်ပွဲကြီး မကြာမီကျင်းပတော့မည်" လို့ အသားလတ်လတ်၊ အရပ်ရှည်ရှည်လူငယ်တစ်ဦးက လက်ကိုင်အော်လံကတစ်ဆင့်  အသံခပ်မှန်မှန်နဲ့ နှိုးဆော်နေပါတယ်။

"မဲစာရင်းတွင် မိမိတို့အမည်ပါမှသာလျှင် မဲပေးခွင့်ရှိမည်ဖြစ်သည့်အတွက် မဲစာရင်းများကို ကြည့်ရူစစ်ဆေးပေးပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်” ဆိုတဲ့သူ့အသံကလှိုင်သာယာရဲ့ လူအစည်ကားဆုံးမီးခွက်ဈေးကားမှတ်တိုင်နားတဝိုက် ပျံ့လွင့်နေပါတယ်။

သူတို့ရဲ့ တီရှပ်မှာတော့“ကမ္ဘာကြီးကိုတောင် ပြောင်းလဲနိုင်တဲ့ လူငယ်တွေ”ဆိုတဲ့ စာတန်းကိုအင်္ဂလိပ် ဘာသာနဲ့  ရိုက်နှိပ်ထားတာတွေ့ရပါတယ်။ သူတို့ကနိုဝင်ဘာရွေးကောက်ပွဲမှာ မဲထည့်ဖို့၊ မဲစာရင်းစစ်ကြဖို့အတွက် လှိုင်သာယာမြို့နယ်မှာ နေထိုင်သူတွေကို လိုက်လံနှိုးဆော်နေကြတာပါ။

မြန်မာပြည်မှာ ရွေ့ပြောင်းအလုပ်သမားတွေ အများဆုံးနေထိုင်ကြတဲ့၊ ၂ဝဝ၈နာဂစ်မုန်တိုင်းဒဏ် ခံရအပြီး ရန်ကုန်ဘက် ရွေ့ပြောင်းလာသူတွေ အများစုရှိနေကြတဲ့ လှိုင်သာယာဟာ မဲစာရင်းမှားယွင်းမှုများတဲ့ ရန်ကုန်ရဲ့မြိုနယ်တစ်ခုပါပဲ။ မဲစာရင်းပုံမှန်မဟုတ်ခြင်းကြောင့် ဒီမြို့နယ်က ထောင်သောင်းချီတဲ့ဒေသခံများ၊ နိုင်ငံတလွှားက ပြည်သူအများအပြား မဲပေးခွင့် ဆုံးရှုံးသွားနိုင်တဲ့အလားအလာရှိနေပါပြီ။

အဲဒီလိုမဲပေးခွင့် ဆုံးရှုံးသွားကြမှာကို စိုးရိမ်နေကြတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ အတိုက်အခံပါတီအမတ်လောင်းတွေက မဲဆန္ဒရှင်များကိုသူ့တို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ မဲစာရင်းမှာမှန်မှန်ကန်ကန် ဖော်ပြထားခြင်းရှိမရှိ သွားစစ်ဆေးကြဖို့ လှုံ့ဆော်တိုက်တွန်းနေကြပါတယ်။ သို့သော်လည်း မဲစာရင်းစစ်ဆေးဖို့၊ အမှားပြင်စေဖို့ အချိန်ကကုန်လွယ်လွန်း၊ မဲစာရင်းမှန်ဖြစ်ရေးလုပ်ငန်းကအဆင့်ဆင့်၊  ရွေးကောက်ပွဲအတွက် ပြင်ဆင်တာတွေအပေါ် စိတ်ဝင်စားမှုက ပိုပိုပြီးနည်းပါးလာနေပါတယ်။

“လူအများစုကမဲပေးခွင့်ရှိလျက်သားနဲ့ မဲမပေးနိုင်မှာကိုအင်မတန်စိုးရိမ်ပါတယ်ဗျာ” လို့ လှိုင်သာယာမှာဝင်အရွေးခံမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ အမတ်လောင်းတစ်ဦးဖြစ်သူဒေါက်တာသန်းမြင့်က နေ့ခင်းနေပူပူအောက်မှာ မျက်နှာပေါ်ကစီးကျနေတဲ့ ချွေးစတွေကိုလက်ခုံနဲ့သုတ်ရင်းပြောလိုက်တယ်။

မဲစာရင်းမှာပါဝင်သူများအနက် ထက်ဝက်ကျော်လောက်က မြို့နယ်အတွင်းကနေပြောင်းရွေ့သွားကြပြီလို့ သူကကျယ်ကျယ်လောင်လောင်ဖွင့်ထားတဲ့ မဲဆွယ်သီချင်းသံတွေကြားထဲကနေအော်ပြောပါတယ်။

ကိုယ်ရေးအချက်အလက်မှားယွင်းနေ၊ သေဆုံးပြီးသူတွေနဲ့ မဲပေးခွင့်မရှိသူတွေရဲ့ အမည်တွေ ပါဝင်နေတဲ့ မဲစာရင်းနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာသာမက ပင်မရေစီးမီဒီယာတွေမှာလည်း ဝေဖန်ပြစ်တင်သံ သောသောညံနေပါပြီ။

ရွေးကောက်ပွဲကော်မရှင်ကတော့ မဲစာရင်းအမှားအတွက် သူတို့အသုံးပြုမိတဲ့ ကွန်ပြူတာပရိုဂရမ်ကို အပြစ်ဖို့သလို မဲစာရင်းအဆင်ပြေဖို့ ကိုယ့်အမည်၊ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ မှန်မှန်ကန်ကန် ဖြစ်မဖြစ် စစ်ဆေးဖို့ မဲဆန္ဒရှင်တွေမှာတာဝန်ရှိတယ်လို့ တုန့်ပြန်ပါတယ်။

အမျိုးသားလွှတ်တော်အတွက် ဝင်ပြိုင်မယ့် NLD အမတ်လောင်း ဦးအေးဗိုလ်ကတော့ ရွေးကောက်ပွဲကော်မရှင်ဟာ မဲဆန္ဒရှင်တွေကို မဲပေးဖို့စိတ်ပျက်သွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာဖြစ်နိုင်တယ်လို့ ယူဆနေသူပါ။

“ပြည်သူလူထုကိုမဲပေးတဲ့အချိန်မှာစိတ်ပျက်အောင်လုပ်ထားတယ်။ ရိုးသားတဲ့ပုံတော့ မပေါ်ဘူး” လို့ ဦးအေးဗိုလ်က ပြောပါတယ်။

လှိုင်သာယာမှာ တွေ့ခဲ့ရတဲ့ဒေသခံတွေကတော့ မဲစာရင်းမှားယွင်းမှုကိစ္စမှာ စိုးရိမ်နေကြတာတွေ ရှိသလိုအစိုးရနဲ့ နိုင်ငံရေးဖြစ်ထွန်းမှုတွေအပေါ် ယုံကြည်ချက်အကြီးအကျယ် ကင်းမဲ့တဲ့အတွက် စိတ်ပျက်လက်ပျက် ဖြစ်သူတွေလည်းရှိပါတယ်။

“မဲစာရင်းမှာလူသေတွေပဲပါတယ်။ ရှင်နေတဲ့လူတွေတော့ မပါဘူး။ အဲဒီတော့ သွားကြည့်လည်းဘာမှထူးမှာမဟုတ်ဘူး” လို့ အသက် ၃ဝ နီးပါးရှိပြီဖြစ်တဲ့ မမိုးမိုးမြင့်က ဈေးဆိုင်တစ်ဆိုင်မှာ ဈေးဝယ်နေရင်းက မှတ်ချက်ချပါတယ်။

ပထမအကြိမ် ထုတ်ပြန်တဲ့ မဲစာရင်းမှာပါဝင်တဲ့လှိုင်သာယာ(၇)ရပ်ကွက်ကဦးအောင်သိန်းမြင့်တို့ မိသားစုရဲ့ အမည်တွေဟာဒုအကြိမ်မှာတော့ ပါမလာပါဘူး။ သို့သော်လည်းသူတို့ကတော့ မဲပေးခွင့်ရအောင် အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ ပြောပါတယ်။

“၁၉၉ဝတုန်းကလည်း (မဲ)ပေးဖူးတယ်။ မှတ်ပုံတင်ပြပြီးပေးလိုက်တာပဲ။ ၂ဝ၁ဝတုန်းကလည်း မဲစာရင်းပါတယ်။ အခုဟာကြီးကတော့ကွာ… ရှုပ်ယှက်ခတ်နေတာပဲ” လို့လည်းသူက စိတ်ပျက်လက်ပျက် ညည်းညူလိုက်ပါတယ်။

ရွှေ့ပြောင်းနေထိုင်သူများမဲပေးခွင့်

ရွေးကောက်ပွဲကော်မရှင်ကတော့ မဲစာရင်းသွားရောက် စစ်ဆေးခြင်း၊ မစစ်ဆေးခြင်းဟာ မဲဆန္ဒရှင်တွေရဲ့သဘောပါပဲလို့ ပြောထားပါတယ်။ စက်တင်ဘာ ၁၂ ရက်နေ့ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးရဲ့ ပြောဆိုတာတွေထဲမှာတော့ မဲဆန္ဒရှင်တွေက မဲစာရင်းကို လိုလိုလားလား သွားမစစ်ကြတဲ့အတွက် နိုင်ငံတဝန်းလုံး မဲစာရင်းမှန်ကန်ရေးအတွက် ၃ဝ ရာခိုင်နှုန်းပဲအာမခံနိုင်မယ် ဆိုတဲ့အချက် ပါဝင်ပါတယ်။

မဲစာရင်း ပြင်ဆင်လိုတယ် ဆိုရင်တော့ ပြင်ပေးဖို့ လျှောက်လွှာတင် တောင်းဆိုနိုင်တဲ့ အချိန်ကလည်းစက်တင်ဘာ ၂၇ မှာကုန်ဆုံးသွားပါပြီ။ သို့သော်လည်းရွှေ့ပြောင်းသွားလာနေထိုင်သူတွေ မဲပေးနိုင်ဖို့ကိုတော့ အောက်တိုဘာ ၁ဝ ရက်အထိ လမ်းဖွင့်ပေးထားပါတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတာတွေ့ရမှာပါ။

မြန်မာပြည် နေရာအသီးသီးမှာရွှေ့ပြောင်းနေထိုင်သူအရေအတွက်က များသည်ထက် များလာပါပြီ။ လက်ရှိနေရာသစ်မှာ ရက်ပေါင်း ၁၈ဝ နေထိုင်ပြီးသူဆိုရင် အဲဒီရပ်ကွက်၊ ကျေးရွာမှာသေချာပေါက် မဲပေးနိုင်တဲ့ အခွင့်အရေးရမယ့်သဘောပါ။ မဲပေးခွင့် လျှောက်ခြင်းအတွက် ရုံးအဝင်အထွက် လုပ်ရတာတွေ၊ လျှောက်လွှာမှာလိုအပ်ချက်တွေ ဖြည့်စွက်ရတာမျိုးလို စာရွက်စာတမ်းကိစ္စတွေကို ကျော်ဖြတ်ရပါမယ်။ ရုံးကိစ္စ၊ စာရွက်စာတမ်းကိစ္စတွေကိုတော့ ရုံးဝန်ထမ်းအသိုင်းအဝန်းက မဟုတ်သူ အရပ်သားအများအပြားက တတ်နိုင်သမျှ ရှောင်ရှားလိုပြီး ဝန်ထုပ်ဝန်ပိုးအဖြစ် သဘောထားကြပါတယ်။   မဲပေးခွင့်ရရေးလျှောက်လွှာတင်တဲ့အခါ နေရာသစ်မှာ ရက်ပေါင်း ၁၈ဝ နေထိုင်ပြီးသူဖြစ်ကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက် လိုအပ်ပါတယ်။လျှောက်လွှာတင်တာအဆင်မပြေဘူး၊ မပြည့်စုံဘူး၊ နေရာသစ်ရဲ့ အုပ်ချုပ်ရေးမှူးရုံးကပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုရင်တော့ မဲပေးချင်တဲ့ အဲဒီရွှေ့ပြောင်းနေထိုင်သူ မဲဆန္ဒရှင်ဟာ သူ့ရဲ့အိမ်ထောင်စုစာရင်းရှိရာနေရာဟောင်းတစ်ခုခုကို ပြန်သွားရပါမယ်။ နေရာဟောင်းရဲ့မဲစာရင်းမှာ သူ့အမည်ပါဝင်မယ်ဆိုရင်တော့ သူမဲပေးခွင့်ရမှာပါ။

လှိုင်သာယာလူထုကိုလှုံ့ဆော်တဲ့ လူငယ်များရဲ့ အဓိကတိုက်တွန်းချက်ကတော့ မဲစာရင်းကြည့်ရေး၊ ရွေးကောက်ပွဲနေ့မှာ မဲပေးကြရေး ဖြစ်ကြောင်း ကဗျာဆရာကို ဆောင်းခကပြောပါတယ်။

“ပြည်သူတွေကရွေးကောက်ပွဲတွေ ကြုံခဲ့ဖူးတယ်လေ။ ရှေ့ကလုပ်တဲ့ရွေးကောက်ပွဲတွေက နိုင်ငံရဲ့အပြောင်းအလဲကို ခေါ်ဆောင်မသွားနိုင်တဲ့အခါမှာ ရွေးကောက်ပွဲကို လူတွေက အယုံအကြည်မရှိတော့ဘူး” လို့ ကဗျာဆရာက မဲစာရင်းကြည့်ဖို့ လှုံ့ဆော်တဲ့စာသားပါ ကပ်ခွာစက္ကူကို လမ်းမီးတိုင်တစ်ခုမှာကပ်ရင်း သုံးသပ်ပါတယ်။

ယုံကြည်မှု

လူဟောင်းထွက်၊ လူသစ်ဝင်မှု များပြားတ လှိုင်သာယာလို့ ဆင်ခြေဖုံးဒေသမျိုးမှာတော့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ မဲဆန္ဒရှင်စာရင်းဟာ တိကျမှန်ကန်ဖို့ ပိုခက်ခဲပါလိမ့်မယ်။

စက်ရုံအလုပ်ရုံအများအပြားရှိတဲ့ လှိုင်သာယာမှာရွေ့ပြောင်းနေထိုင်သူတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေ၊ အာဏာရှင်အစိုးရအဆက်ဆက် လက်ထက် မြေယာသိမ်းဆည်းမှုတွေကြောင့် နေထိုင်စရာမရှိတော့ဘဲ ကျူးကျော်လို့ အမည်ဆိုးပေးခံထားရသူတွေဟာ လူဦးရေရဲ့ ထက်ဝက်ကျော်လောက် ရှိနေကြောင်းဒေသခံတွေကခန့်မှန်းပါတယ်။

ရန်ကုန်မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်က မဲပေးခွင့်လျှောက်လွှာတင်ကြပြီးရင်တော့ လှိုင်သာယာနယ်မြေမှာ မဲဆန္ဒရှင် ၅သိန်းလောက်ထိ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

မဲစာရင်းနဲ့ ပတ်သက်တဲ့ ပြဿနာနေရာတိုင်းမှာ ဖြစ်နေတယ် ဆိုတဲ့ပြောဆိုချက်တွေကိုတော့ သူကပယ်ချပါတယ်။

ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေဟာ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့အတူ ရွှေ့ပြောင်းနေထိုင်သူတွေရှိတဲ့ လူနေရပ်ကွက်တွေကို မဲစာရင်းအတွက် သွားရောက်ကြတယ်၊ သို့သော်လည်း ဒေသခံတွေဟာ ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြဘူးလို့ ဆိုပါတယ်။ ရွေးကောက်ပွဲကို စိတ်ဝင်စားတာမျိုးမရှိရုံတင်မက စာရင်းကောက်၊ စစ်တမ်းကောက်တဲ့ အာဏာပိုင်တွေကိုပါ ရန်ပြုတာမျိုးနဲ့ ကြုံရတယ်လို့ သူကရှင်းပြပါတယ်။

ယုံကြည်ရသောရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများပူးပေါင်းလှုပ်ရှားမှုအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းရဲကျော်စွာမြင့်ကတော့ ရွှေ့ပြောင်းနေထိုင်သူတွေရင်ဆိုင်ရမယ့် မဲစာရင်းဆိုင်ရာအခက်အခဲတွေနဲ့ ပတ်သက်ပြီး ကော်မရှင်က စိတ်ဝင်စားမှု နည်းနေတယ်လို့ သံုံးသပ်ပါတယ်။

"ရွေးကောက်ပွဲ ကော်မရှင်ဟာ ပြောင်းရွှေ့နေထိုင်သူတွေနဲ့ ပတ်သက်ပြီးတိကျတဲ့ မူဝါဒတွေ ချမှတ်ဖြေရှင်းတာမျိုးခုထိတော့ မတွေ့ရသေးပါဘူး"လို့ ကိုစိုင်းရဲကျော်စွာမြင့်က ရှင်းပြပါတယ်။

"ကျွန်တော်တို့မေးတော့ သူတို့ဒေသတွေမှာ သန်းခေါင်စာရင်းတွေရှိတယ်လို့ပဲ ကော်မရှင်ကအမြဲပြောတယ်"

မဲစာရင်းကြည့်ကြဖို့အတွက် လှိုင်သာယာမှာလှုံ့ဆော်နေတဲ့ အပြာရောင်တီရှပ်ဝတ်လူငယ်တွေ ရွေးချယ်ထားတဲ့ နေရာတွေထဲမှာ ရွှေ့ပြောင်းအလုပ်သမားအများစု တည်ရှိရာရွှေပြည်သာ၊ မှော်ဘီ၊ ဒလမြို့နယ်တွေ ပါဝင်ပါတယ်။ဒီဒေသတွေမှာကပ်ဖို့ မဲစာရင်းကြည့်ရေးလှုံ့ဆော်စာတန်းပါ ကပ်ခွာစာရွက်  ၁၂,ဝဝဝ ရိုက်နှိပ်ထားတယ်လို့ ကဗျာဆရာကိုဆောင်းခရဲ့ ရှင်းပြချက်အရသိရပါတယ်။

“ကျွန်တော်တို့က ဒါကိုဘာလို့လုပ်လဲဆိုတော့ ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိလို့ လုပ်တာ။ သူတို့ကိုစိတ်မချတဲ့အတွက် ဒါနဲ့ပတ်သက်ပြီး ပြည်သူသိအောင်လုပ်တာ။ ပြည်သူတွေ သိရင်တော့ ရွေးကောက်ပွဲကော်မရှင် လိမ်ရခက်တာပေါ့”  လို့ ကဗျာဆရာကမော်တော်ယာဉ်တွေ၊ အနှေးယာဉ်တွေကြား ကားတစ်စင်းရဲ့မှန်ပေါ်ကို ကပ်ခွာစက္ကူတစ်ခုကပ်လိုက်ရင်းပြောလိုက်ပါတယ်။     ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly