မြန်မာ့စပါးအုံး အောင်လအန်ဆန်ကို ဂျပန်ရောက် မြန်မာများ ကြိုဆို

မြန်မာ့စပါးအုံး အောင်လအန်ဆန်ကို ဂျပန်ရောက် မြန်မာများ ကြိုဆို

အာရှတိုက်၏ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံး ပြိုင်ပွဲတစ်ပွဲ ဖြစ်လာမည့် ONE: A NEW ERA ပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဂျပန်နိုင်ငံသို့ ရောက်ရှိလာသော မြန်မာ့ဂုဏ်ဆောင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမား အောင်လအန်ဆန်ကို ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများနှင့် ကချင်လူမျိုးများက ကြိုဆိုခဲ့ကြသည်။

မြန်မာ့ စပါးအုံး အောင်လအန်ဆန်သည် မတ်လ ၂၄ ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နာရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး လေဆိပ်တွင် ဂျပန်နိုင်ငံရောက် ကချင်လူမျိုးများက ကချင်ရိုးရာ ဝတ်စုံများ ဝတ်ဆင်၍ အောင်လအန်ဆန်းအား ကြိုဆိုပါသည်ဟု စာတန်းရေးထိုးထားသည့် ဆိုင်းဘုတ်ကိုကိုင်ကာ ကြိုဆိုခဲ့ကြသည်။ အလားတူ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား အဖွဲ့များကလည်း ကြိုဆိုခဲ့ကြသည်။

“ဂျပန်ရောက်ရောက်ချင်း မြန်မာအဖွဲ့တွေနဲ့ ကချင်တိုင်းရင်းသားတွေ ကျွန်တော့်ကိုကြိုဆိုကြတယ်။ ကျွန်တော်တို့ရောက်ပါပြီ။ ကောင်းချီးတွေရရှိပါတယ်” ဟု အောင်လအန်ဆန်းက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

အောင်လအန်ဆန်သည် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ပြီးခဲ့သည့် ONE: Reign Of Valor ပြိုင်ပွဲအပြီးတွင် သတင်းမီဒီယာများမှတစ်ဆင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများကို ဂျပန်နိုင်ငံတွင် ၎င်းယှဉ်ပြိုင်ရမည့်ပြိုင်ပွဲအား လာရောက်အားပေးရန် ဖိတ်ကြားခဲ့ဖူးသည်။

“ပြိုင်ဘက်ရဲ့မြေမှာယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် သူ့ပရိသတ်တွေ အပြည့်ဖြစ်နေမယ်ဆိုတာ သိပြီးသားပါ။ ဒါပေမယ့်ကျွန်တော်အနေနဲ့ အခြားနိုင်ငံတွေမှာ ပွဲပေါင်း ၂၀ ကျော်လောက် ကစားခဲ့ဖူးတာမို့ ဘာပြဿနာမှ မရှိနိုင်ပါဘူး။ မြန်မာနိုင်ငံကနေ ဂျပန်ကို လိုက်ပါပြီး အားပေးမယ့် ပရိသတ်လည်း ရှိတယ်လို့ ကြားပါတယ်။ နောက်ပြီး ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကိုလည်း ဒီပွဲမှာ ကျွန်တေ့ာ်ကို ကွင်းထဲအရောက် လာအားပေးကြပါလို့ ဖိတ်ကြားလိုပါတယ်” ဟု မြန်မာစပါးအုံး အောင်လက ပြီးခဲ့သည့် အင်တာဗျူး တစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား အဖွဲ့များနှင့် ကချင်တိုင်းရင်းသားများကလည်း မတ်လ ၃၁ ရက်နေ့တွင် ကျင်းပမည့် ONE: A New Era ပြိုင်ပွဲကြီးတွင် မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်အား Ryōgoku Kokugikan အားကစားကွင်းအတွင်း သွားရောက် အားပေးရန် ပြင်ဆင်လျက်ရှိသည်။

ဂျပန်နိုင်ငံတွင် ပြိုင်ဘက် ဂျပန်လူမျိုးနှင့် ယှဉ်ပြိုင် ကစားရမည့် အဆိုပါ ပြိုင်ပွဲသည့် အောင်လအန်ဆန်အတွက် ONE မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို တတိယ အကြိမ်မြောက် ကာကွယ်ရမည့် ပွဲစဉ်လည်း ဖြစ်သည်။

အောင်လအန်ဆန်နှင့် ဂျပန်နိုင်ငံသား ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမား KenHasegawa တို့သည် ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ONE:Spirit of a Warrior ပြိုင်ပွဲကြီးတွင် ပထမဆုံးအကြိမ်အဖြစ်ဆုံတွေ့ခဲ့ပြီး အောင်လအန်ဆန်က အလဲထိုးကာ အနိုင်ရရှိခဲ့သည်။ ၎င်းတိုနှှစ်ဦးတွေ့ဆုံခဲ့သည့် ပြိုင်ပွဲသည် ၂၀၁၈ ခုနှစ်၏ အကောင်းဆုံး တွဲဆိုင်းအဖြစ် သတ်မှတ်ခံခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly