တနင်္သာရီတိုင်းဝန်ကြီးချုပ်အသစ် အရေးပေါ်လွှတ်တော်အစည်းအဝေး၌ ကျမ်းကျိန်ဆို

တနင်္သာရီတိုင်းဝန်ကြီးချုပ်အသစ် အရေးပေါ်လွှတ်တော်အစည်းအဝေး၌ ကျမ်းကျိန်ဆို

ထားဝယ်၊ မတ် ၂၅ ။    ။ ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အရေးပေါ်အစည်းအဝေး (၁/၂၀၁၉) ဒုတိယနေ့ မတ်လ ၂၅ ရက်နေ့တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်သစ် ဦးမြင့်မောင် ကျမ်းကျိန်ဆိုမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဝန်ကြီးချုပ် ဦးမြင့်မောင်က ယနေ့ တက်ရောက်သည့် အရေးပေါ်လွှတ်တော်အစည်းအဝေး၌ ကတိသစ္စာပြုခြင်းနှင့် ကျမ်းကျိန်ဆိုမှုကို ပြုလုပ်ခဲ့သည်။

ဆက်လက်ပြီး ပြန်လည်ရွေးကောက်တင်မြှောက်မည့် ဝန်ကြီး ၃ သုံး၏ အမည်စာရင်း တင်သွင်းခြင်းကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

မတ် ၁၁ ရက်က ဒေါက်တာလဲ့လဲ့မော်အား ရာထူးမှ ထုတ်ပယ်ပြီးနောက် သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်အား ခေတ္တဝန်ကြီးချုပ်အဖြစ် ထားရှိခဲ့ပြီးနောက်  မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တွင်  တိုင်းအစိုးရ၏ ဝန်ကြီးချုပ်ရာထူးကို ဦးမြင့်မောင်အား အတည်ပြုခန့်အပ်ခဲ့ခြင်းဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်၊ Global Grand Services (GGS) ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့်  မတ်လ ၁၀ ရက်က အမှုဖွင့်လှစ်အရေးယူခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ် နှင့် ဦးသူရအုံတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ လည်းကောင်း သီးခြား ပြစ်မှုများအတွက် သီးခြားစွဲချက်များဖြင့် အမှု(၄)မှုခွဲ၍ အရေးယူဆောင်ရွက်ရန်ရှိနေသည်။

မတ် ၁၉ ရက်တွင် တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်တို့ နုတ်ထွက်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly