မာလီမှာ ရွာလုံးကျွတ် လူအစုအပြုံလိုက် သတ်ဖြစ်မှုဖြစ်အပြီး စစ်တပ်အကြီးအကဲတွေကို ရာထူးက ဖယ်ရှားကာ ပြည်သူ့စစ်အဖွဲ့ကို ဖျက်သိမ်း

မာလီမှာ ရွာလုံးကျွတ် လူအစုအပြုံလိုက် သတ်ဖြစ်မှုဖြစ်အပြီး စစ်တပ်အကြီးအကဲတွေကို ရာထူးက ဖယ်ရှားကာ ပြည်သူ့စစ်အဖွဲ့ကို ဖျက်သိမ်း
Photo: AFP

ဘာမာကို၊ မတ် ၂၅ ။       ။ မာလီနိုင်ငံမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် မွတ်စလင် ၁၃၀ ကျော် အစုအပြုံလိုက် သတ်ဖြတ်ခံရပြီး နောက်တစ်ရက်မှာပဲ အစိုးရဟာ စစ်တပ်အကြီးတန်းတာဝန်ရှိသူတွေကို ရာထူးက ဖယ်ရှားပြီး ပြည်သူ့စစ်အဖွဲ့ကိုလည်း ဖျက်သိမ်းကြောင်း မတ် ၂၄ ရက်မှာ ကြေညာလိုက်ပါတယ်။

အသစ်ခန့်အပ်မယ့် စစ်တပ်အကြီးအကဲတွေကို ကြေညာမှာဖြစ်ကြောင်းနဲ့ ဒိုဂွန်တိုင်းရင်းသားအမဲလိုက် မျိုးနွယ်စုတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒန်နန်အမ်ဘတ်ဆာဂူ ပြည်သူ့စစ်အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ဆော်မေလူဘော်ဘီယီမိုက်ဂါက ပြောပါတယ်။

အဲဒီ ပြည်သူ့စစ်အဖွဲ့ကို ဖျက်သိမ်းတာဟာ ပြည်သူတွေကို ကာကွယ်ရေးက နိုင်ငံရဲ့ အဓိကဦးစားပေးဖြစ်ကြောင်းကို ပြသလိုက်တဲ့ ရှင်းလင်းတိကျတဲ့ သတင်းစကားပဲ ဖြစ်တယ်လို့ ဝန်ကြီးချုပ် မိုက်ဂါက သတင်းထောက်တွေကို ပြောပါတယ်။

စနေနေ့က ဖြစ်ပွားတဲ့ အဲဒီ ရွာလုံးကျွတ် သတ်ဖြတ်မှုမှာ ဒိုဂွန်မျိုးနွယ်စုတွေဟာ မွတ်စလင် ဖူလာနီအသိုင်းအဝန်း နေထိုင်ရာ နိုင်ငံအလယ်ပိုင်းက အိုဂိုဆာဂူကျေးရွာကို ဝင်ရောက်စီးနင်းပြီး သတ်ဖြတ်ကြတာဖြစ်တယ်လို့ စီးနင်းသတ်ဖြတ်မှုအတွင်း လွတ်မြောက်ရှင်ကျန်ခဲ့သူတွေက ပြောကြပါတယ်။

အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူပေါင်း ၁၃၄ ဦး သတ်ဖြတ်ခံရတဲ့ စနေနေ့ လူသတ်ပွဲကို တုံ့ပြန်ပြီး သမ္မတ အီဘရာဟမ်ဘော်ဘာကာကိတ်တာနဲ့ အရေးပေါ်အစည်းအဝေး ခေါ်ယူပြီးနောက်မှာ စစ်တပ်အကြီးအကဲတွေ ဖယ်ရှားတာနဲ့ ပြည်သူ့စစ်အဖွဲ့ကို ဖျက်သိမ်းတဲ့ ဝန်ကြီးချုပ်ရဲ့ ကြေညာချက် ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။

စနေနေ့ စီးနင်းတိုက်ခိုက်မှုမှာ ရွာသူရွာသားတွေဟာ သေနတ်နဲ့ ပစ်သတ်ခံကြရသလို ဓားနဲ့လည်း လည်လှီးသတ်ဖြတ်ခံခဲ့ကြရတာဖြစ်တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တစ်ရပ်က ဆိုပါတယ်။

“အကြမ်းဖက််မှုတွေအတွင်းမှာ မာလီက ကလေးငယ်လေးတွေဟာ လည်စင်းခံနေကြရတယ်။”လို့ ကုလသမဂ္ဂ ကလေးငယ်များရန်ပုံငွေအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly