ရွေးကောက်ပွဲမှာ ထရမ့်က ရုရှားနဲ့ ပူးပေါင်းကြံစည်မှု မရှိခဲ့လို့ အထူးစုံစမ်းရေး အစီရင်ခံစာ ဖော်ပြ

ရွေးကောက်ပွဲမှာ ထရမ့်က ရုရှားနဲ့ ပူးပေါင်းကြံစည်မှု မရှိခဲ့လို့ အထူးစုံစမ်းရေး အစီရင်ခံစာ ဖော်ပြ
Photo: AFP

၀ါရှင်တန်၊ မတ် ၂၅ ။      ။ ၂၀၁၆ ရွေးကောက်ပွဲမဲဆွယ်မှုမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရုရှားနဲ့ ပူးပေါင်းကြံစည်တာမျိုး မရှိခဲ့ဘူးလို့ အထူးစုံစမ်းရေးအစီရင်ခံစာက ကောက်ချက်ချပြီးနောက်မှာ ထရမ့်က ၎င်းဟာ လုံးဝ အပြစ်မလုပ်ခဲ့ဘူးလို့ မတ်လ ၂၄ ရက်မှာ ကြေညာလိုက်ပါတယ်။

ရေရှည်စောင့်မျှော်နေကြတဲ့ အထူးအကြံပေး ရောဘတ်မူလာရဲ့ အဲဒီ အစီရင်ခံစာမှာ မော်စကိုရဲ့ ရွေးကောက်ပွဲ ခြေထိုးမှုမှာ ထရမ့်ရဲ့ အသိုက်အဝန်းက ပါဝင်ပတ်သက််မှုမရှိဘဲ အပြစ််ကင်းကြောင်း ခုလို ကောက်ချက်ချဖော်ပြလိုက်တာဟာဆိုရင် ထရမ့်အတွက် နောက်တစ်ကြိမ် ရွေးကောက်ခံရဖို့ ပိုပြီး လမ်းဖြောင့်သွားစေခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ ထရမ့် မဲအနိုင်ရဖို့ ရုရှားက လျှို့ဝှက်ကြံစည်တယ်ဆိုပြီး အထူးအကြံပေး ရောဘတ်မူလာက နှစ်နှစ်ကြာ စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပြီး နောက်ဆုံးအစီရင်ခံစာကို ပြီးခဲ့တဲ့ရက်က တင်သွင်းရာမှာ ရုရှားရဲ့ ရွေးကောက်ပွဲ ခြေထိုးမှုအတွင်း ထရမ့်နဲ့ သူ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအဖွဲ့တွေ ပါဝင်ပတ်သက်ခြင်း မရှိဘူးဆိုပြီး အပြီးသတ် ကောက်ချက်ချခဲ့တာပါ။

၂၀၁၇ ဇန်နဝါရီလမှာ ရာထူးတာဝန် စတင်ထမ်းဆောင်ချိန်ကစပြီး သမ္မတ ထရမ့်ဟာ ရုရှားရဲ့ ရွေးကောက်ပွဲ ခြေထိုးမှုနဲ့ ပတ်သက်လို့ အရိပ်မည်း ဖုံးလွှမ်းခံခဲ့ရတာ ဖြစ်ပြီး ဒါဟာ နိုင်ငံအတွက် ရှက်စရာပဲ ဖြစ်တယ်လို့ ထရမ့်က ပြောလိုက်ပါတယ်။

ရောဘတ်မူလာရဲ့ အစီရင်ခံစာကို ရှေ့နေချုပ် ဘီလ်ဘားထံ တင်သွင်းထားတာဖြစ်ပြီး ဘီလ်ဘားက ကွန်ဂရက်လွှတ်တော်ထံ အစီရင်ခံစာ အကျဉ်းချုပ်ကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

“ရုရှားနဲ့ ပူးပေါင်းကြံစည်တာမျိုး မရှိဘူး။ မတရားလုပ်တာမျိုး မရှိဘူး။ လုံးဝ အပြစ်ကင်းတယ်။”လို့ ထရမ့်က မူလာရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ပြောပါတယ်။

“နိုင်ငံမှာ ဒီလိုမျိုး စုံစမ်းစစ်ဆေးခဲ့ရတယ်ဆိုတာမျိုးဟာ ရှက်စရာပါပဲ။ ဒါဟာ မတရားတဲ့ စုံစမ်းစစ်ဆေးမှုပဲ ဖြစ်ပြီး ဒါကြောင့်ပဲ အရေးဆုံးနိမ့်တာ ဖြစ်တယ်။”လို့ ထရမ့်က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly