ပရိသတ်ရင်ခုန်သံနဲ့ ထပ်တူမကျခဲ့တဲ့ ၂၀၁၈ အကယ်ဒမီ

ပရိသတ်ရင်ခုန်သံနဲ့ ထပ်တူမကျခဲ့တဲ့ ၂၀၁၈ အကယ်ဒမီ

မတ်၊ ရန်ကုန် ။      ။ ၂ဝ၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကတော့ မတ်လ၂၃ရက်နေ့က အောင်မြင်စွာ ကျင်းပပြီး စီးခဲ့ပါပြီ။ ဒါပေမယ့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ၊ မကျေနပ်ချက်တွေနဲ့ ဂယက်တွေကတော့ မပြီးစီး နိုင်သေးပါဘူး။

မတ်လ ၂၃ ရက်နေ့ အကယ်ဒမီဆုတွေ ကြေညာပြီးချိန်မှာတော့ လူမှုကွန်ယက်ပေါ်မှာ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပြီး အနုပညာရှင်တွေကြားမှာ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

ရုပ်ရှင်ဇာတ်ကားမှ အမျိုးသမီးဇာတ်ဆောင်ဆု၊ ဇာတ်ကားဆု၊ ဇာတ်ညွှန်းဆုနှင့် တည်းဖြတ်ဆုတို့ ရရှိခဲ့တဲ့ အပေါ် ဒါရိုက်တာဝိုင်း၏ ဆုရ ကျေးဇူးတင်စကားအပေါ် လူမှုကွန်ရက်တွင် လူအများအပြားက ဝေဖန်ခဲ့ ကြပါတယ်။

“ကျွန်တော် ပရိသတ်ကို စေတနာထားပါတယ်။ အဲ စေတနာကို ကျွန်တော် ပြန်ခံစားရတယ်လို့ပဲ ထင်ပါတယ်။” လို့ ဒါရိုက်တာဝိုင်းက ပြောခဲ့တာပါ။

ဒါပေမယ့် ပရိသတ်တွေက သူ့ရဲ့စကားအပေါ် ပြင်းထန်စွာ တုံ့ပြန်ခဲ့ကြပြီး ဆဲဆိုခဲ့ကြပါတယ်။ သူတို့ဘာကြောင့် ဆဲရသလဲ ဆိုတာကို ခိုင်လုံတဲ့အကြောင်းအရာ ခိုင်ခိုင်မာမာမရှိပေမယ့် “ရွှေကြာ” ရုပ်ရှင်ဇာတ်ကားကြောင့် ရတဲ့အပေါ်မှာ မကြိုက်နှစ်သက်ကြတဲ့ သဘောက ပေါ်လွင်ပါတယ်။

တစ်ဘက်မှာ သူထူးစံက အမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့တဲ့အပေါ် မုန်းစွဲဇာတ်ကားမှ နေတိုးကို ရစေချင် ကြောင်း ပရိသတ်အများစုကို အကယ်ဒမီပေးပွဲအပြီး မေးမြန်းရာမှာ ဖွင့်ဆိုခဲ့ပါတယ်။

အကယ်ဒမီပေးပွဲမတိုင်ခင်က နောက်ဆုံးဆန်ခါတင် ၂၅ ကား ပေါ်ထွက်လာခဲ့ပြီး ပရိသတ်တွေဘက်ကရော အနုပညာရှင်အချို့ဘက်ကပါ အကယ်ဒမီခန့်မှန်းမှုတွေရှိခဲ့ပါတယ်။

သူတို့ရဲ့ ခန့်မှန်းချက်တွေအရ ကြာဥဇာတ်ရုပ်နဲ့ အေးဝတ်ရည်သောင်း၊ မုန်းစွဲဇာတ်ကားနဲ့ နေတိုး၊ မုဒြာရဲ့ခေါ်သံ ဇာတ်ကား၊ ဥပါယ်တံမျဉ်ဇာတ်ကားနဲ့ ခီမောင်နှံ၊ မီဇာတ်ကားနဲ့  ပိုင်ဖြိုးသုတို့ ရရှိမယ်လို့ ခန့်မှန်း ပြောဆိုမှုတွေဟာ ပရိသတ်တွေပါးစပ်ဖျားမှာ ရေပန်းစားခဲ့တာပါ။

ဒါပေမယ့် ရလဒ်ဟာ အတော့်ကို ကွဲလွဲနေပါတယ်။ ဒါကြောင့်လည်း ဝေဖန်မှုက ပိုကျယ်လောင်လာတာပါ။

ခုလို ဝေဖန်မှုတွေ ရှိနေမှုအပေါ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဇင်ဝိုင်းက “ လုံးဝလွဲတာတော့ မဖြစ်နိုင်ဘူး။ အနည်းငယ်ကွဲလွဲမှုတော့ ရှိကောင်းရှိပါလိမ့်မယ် ပရိသတ်ခန့်မှန်းတာနဲ့။ လုံးဝမတူဘူး ဆိုတာကတော့ မဟုတ်ပါဘူး။ ဆုပေါင်းက ကျွန်တော်တို့ ၁၁ ဆု ချီးမြှင့်တာပါ။ ပရိသတ်ခန့်မှန်းတာနဲ့က ဒီလောကက ပညာရှင် ၄၅ ဦးက ရွေးတာကို။ ကျွန်တော်တို့မှာ စည်းမျဉ်း၊ စည်းကမ်းတွေလည်းရှိပါတယ်။ စည်းမျဉ်း စည်းကမ်းတွေအတိုင်း ကိုင်တွယ်ပြီးတော့မှ အပြစ်ကို ရှာရပါတယ်။ ကောင်းတာချင်း တူနေတယ် ဆိုရင် အပြစ်ကို ရှာပါတယ်။ ဘယ်သူအမှားပိုနည်းလဲ၊ အမှားအယွင်းအနည်းဆုံးသူကို ပေးတာဖြစ်ပါတယ်။ ပညာရှင်တွေနဲ့ ပရိသတ်အမြင်ကတော့ ကွဲလွဲကောင်း ကွဲလွဲပါလိမ့်မယ်’’ လို့ု မတ်လ ၂၄ရက်နေ့က မဇ္စျိမက မေးမြန်းရာမှာ  ဖြေဆိုခဲ့ပါတယ်။

၂ဝ၁၈ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို မတ်လ၂၃ရက်နေ့က ရန်ကုန်မြို့၊ သုဝဏ္ဏရှိ The One Entertainment Park တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရုပ်ရှင်တစ်သက်တာဆုတစ်ဆုအပါအဝင် ဆုပေါင်း ၁၂ဆု ချီးမြှင့်ခဲ့တာပါ။

မြန်မာ့ရုပ်ရှင်အစည်းအရုံးရဲ့ အကယ်ဒမီရွေးချယ်မှုဟာ ဒီနှစ်တစ်ခုတည်း ပရိသတ်များရဲ့ ပြစ်တင်ဝေဖန်မှုကို ခံရတာ မဟုတ်ပါဘူး။

အဲဒီကိစ္စနဲ့ ပတ်သက်လို့လည်း “အားလုံးအကြိုက်တွေ့နိုင်ဖို့က သိပ်မလွယ်ပါဘူး။ စည်းနဲ့ ဘောင်နဲ့ ကျွန်တော်တို့ ရက်ပေါင်းများစွာ စီစစ်အကဲဖြတ်ကြတာပါ။ အကြိမ်ကြိမ်ကြည့်ရှုခဲ့ကြတာပါ။ တစ်ချို့ကျတော့လည်း ဇာတ်ကားစုံအောင် မကြည့်ဖူးဘဲနဲ့ ပြောကြတာလည်း အများကြီးရှိပါတယ်။  ဒီဇာတ်ကားကို မကြည့်ဖူးဘဲနဲ့ ဘာကြောင့် ဒီဇာတ်ကားရသွားတာလဲဆိုတာမျိုးတွေ ပြောကြတာရှိပါတယ်။ “ လို့ ဦးဇင်ဝိုင်းက ပြောပါတယ်။

ဒါ့အပြင် ခုလို ပရိသတ်သဘောနဲ့ ထပ်တူမကျပေမယ့် သူတို့အနေနဲ့ကတော့ အကဲဖြတ် ပုဂ္ဂိုလ်များက တစ်ချို့ဇာတ်ကားတွေဆို ငါးကြိမ် ၊ ခြောက်ကြိမ်လောက်ထိကို အားပြိုင်စွာ ကြည့်ပြီးမှ ဆုံးဖြတ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ ကျွန်တော်ကတော့ ကြည့်လာစေချင်တယ် တိုက်တွန်းပါတယ်။ ဒီမှာအကဲဖြတ်တဲ့ ပုဂ္ဂိုလ်ကြီးများကတော့ ၈၃ ကားလုံးကို အကြိမ်ကြိမ်ကြည့်ရှုပြီးမှ တစ်ချို့ကားတွေဆို ၅ ကြိမ်၊ ၆ ကြိမ်လောက်အထိကို အားပြိုင်စွာ ကြည့်ရှုခဲ့ကြရတဲ့လူတွေပါ။ အဲ့တော့ တစ်ချို့ကျတော့လည်း မကြည့်ဘဲ ပြောကြတဲ့သူတွေပါ” လို့ု ဇင်ဝိုင်းက ပြောပါတယ်။

ယခုနှစ်မှာတော့ အမျိုးသားဇာတ်ဆောင်ဆုကို သူထူးစံ(မှော်ဝင်သမန်းကျား)၊ အမျိုးသမီးဇာတ်ဆောင်ဆုကို ဖွေးဖွေး(ရွှေကြာ)၊ အမျိုးသမီးဇာတ်ပို့ဆုကို အေးမြတ်သူ(နောင်တွင်ဥဒါန်းတွင်စေသတည်း)၊ အမျိုးသား ဇာတ်ပို့ဆုကို ကျော်ကျော်ဗိုလ်(မုန်းစွဲ)၊ အကောင်းဆုံးဒါရိုက်တာဆုကို သြရသ(မုန်းစွဲ)၊ အကောင်းဆုံးရုပ်ရှင် ဇာတ်ညွှန်းဆုကို ဒါရိုက်တာဝိုင်း(ရွှေကြာ)၊ နောက်ခံတေးဂီတဆုကို ရှလုံးအမ်ရောနမ်(မျက်နှာပြင်များ)၊ အကောင်းဆုံး ရုပ်ရှင်ကားဆုကို ငွေသော်တာရုပ်ရှင်ထုတ်ရေး (ရွှေကြာ)၊ ဓာတ်ပုံဆုကို ဝင်းလွင်ထက်(မုန်းစွဲ)၊ ရုပ်ရှင် တည်းဖြတ်ဆုကို ကျော်ခိုင်စိုး(ရွှေကြာ)၊ အသံဆုကို ကိုအေး(မုန်းစွဲ)နဲ့ ရုပ်ရှင်တစ်သက်တာဆုကိုတော့ အကယ်ဒမီများရှင် ဒေါ်မြင့်မြင့်ခင်တို့က အသီးသီးရရှိခဲ့ကြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly