မျောက်ဝံတစ်ကောင်ကို ဆေးခတ်ပြီး မှောင်ခိုသယ်ထုတ်ဖို့ ကြိုးပမ်းခဲ့တဲ့ ရုရှားနိုင်ငံသားကို အင်ဒိုနီးရှား ဖမ်းဆီး

မျောက်ဝံတစ်ကောင်ကို ဆေးခတ်ပြီး မှောင်ခိုသယ်ထုတ်ဖို့ ကြိုးပမ်းခဲ့တဲ့ ရုရှားနိုင်ငံသားကို အင်ဒိုနီးရှား ဖမ်းဆီး

မတ် ၂၄ ။     ။ အော်ရင်ဂူတန် မျောက်ဝံတစ်ကောင်ကို အိပ်ဆေးခတ်ပြီး ပြည်ပကို မှောင်ခို သယ်ထုတ်သွားဖို့ ကြံစည်ခဲ့တဲ့ ရုရှားခရီးသွားတစ်ဦးကို ဖမ်းဆီးလိုက်ရကြောင်း အင်ဒိုနီးရှား အာဏာပိုင်တွေက မတ်လ ၂၃ မှာ ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ အဆိုပါ ရုရှားခရီးသွားကတော့ အိပ်ဆေးပေးထားတဲ့ မျောက်ဝံကို ၎င်းရဲ့ ခရီးဆောင် လက်ဆွဲသေတ္တာထဲ ထည့်ကာ အင်ဒိုနီးရှားနိုင်ငံထဲကနေ မှောင်ခို သယ်ထုတ်သွားပြီး ရုရှားရှိ ၎င်းရဲ့နေအိမ်မှာ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးဖို့ ကြံစည်ခဲ့တာဖြစ်ပါတယ်။

အန်ဒရေ ဇက်ကော့ဗ် အမည်ရ အဆိုပါ ရုရှားနိုင်ငံသားကိုတော့ ပြီးခဲ့တဲ့မတ်လ ၂၂ ရက်က ဘာလီကျွန်းပေါ်က ဒန်ပါဆာ လေဆိပ်မှာပဲ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

၎င်းဟာ ရုရှားနိုင်ငံဆီ လေယာဉ်နဲ့ ပြန်ဖို့ စီစဉ်ခဲ့ပြီး လေဆိပ်လုံခြုံရေး စစ်ဆေးမှုကို ဖြတ်သန်းစဉ် အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။

၎င်းကို အင်ဒို လုံခြုံရေးအရာရှိတွေက မသင်္ကာဖြစ်ပြီး ၎င်းရဲ့ အိတ်ကို ဖွင့်စစ်ခဲ့တဲ့အခါ အိတ်ထဲမှာ အိပ်ပျော်နေတဲ့ နှစ်နှစ်သားအရွယ် မျောက်ဝံအထီးတစ်ကောင်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

“ ဒီ အော်ရင်ဂူတန် မျောက်ဝံကို အိပ်ပျော်အောင် ဆေးတိုက်ထားတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်၊ သူ့အိတ်ထဲမှာလည်း ဆေးပြားတွေ တွေ့ပါတယ်”  လို့ ဘာလီ တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အေဂျင်စီက အရာရှိ ကီတက် ကက်တာ မာဘာဝါက ပြောသွားပါတယ်။

ဒ့ါအပြင် ဇက်ကော့ဗ်ရဲ့ အိတ်ထဲမှာ တောက်တဲ့ အရှင်နှစ်ကောင်နဲ့ ကင်းလိပ်ချော ငါးကောင်ကိုလည်း တွေ့ရှိခဲ့သေးတယ်လို့ သိရပါတယ်။

 အဆိုပါ ရုရှားခရီးသွား ဇက်ကော့ဗ်အနေနဲ့ တရားမဝင် မှောင်ခို ကူးမှုနဲ့ အများဆုံး ထောင်ငါးနှစ်နဲ့ ငွေဒဏ် ဒေါ်လာ ၇,၀၀၀ အထိ ချမှတ်ခံရနိုင်ကြောင်း မာဘာဝါက ပြောသွားပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly