နော်ဝေကမ်းလွန်မှာ စက်ပျက်သွားခဲ့တဲ့ ဇိမ်ခံသင်္ဘောကြီးပေါ်က ခရီးသည်ထောင်ချီကို ကူညီရွှေ့ပြောင်းပေး

နော်ဝေကမ်းလွန်မှာ စက်ပျက်သွားခဲ့တဲ့ ဇိမ်ခံသင်္ဘောကြီးပေါ်က ခရီးသည်ထောင်ချီကို ကူညီရွှေ့ပြောင်းပေး

မတ် ၂၄ ။     ။ နော်ဝေ ကမ်းလွန်မှာ စက်ပျက်ပြီး လှိုင်းထန်တဲ့ ပင်လယ်ပြင်ထဲ အခက်ကြုံနေခဲ့တဲ့ အပျော်စီးဇိမ်ခံသင်္ဘောကြီးတစ်စင်းပေါ်က ထောင်နဲ့ချီတဲ့ ခရီးသည်တွေကို မတ်လ ၂၃ ရက်မှာ လေကြောင်း အရေးပေါ်ကယ်ဆယ်ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ပေးခဲ့ရပါတယ်။

ယင်း ဇိမ်ခံသင်္ဘောကြီးကတော့ ရုတ်တရက် အင်ဂျင်စက်ရပ်သွားပြီးနောက် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ နော်ဝေကမ်းရိုးတန်းတစ်လျှောက် လှိုင်းကြမ်းလေကြမ်းအောက်မှာ အကျပ်ရိုက်နေခဲ့တာဖြစ်ပါတယ်။

ယခုအခါ ယင်းသင်္ဘောကြီးပေါ်မှာ ပိတ်မိသောင်တင်နေခဲ့တဲ့ ခရီးသည် ၁,၃၀၀ ကို နော်ဝေ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ကူညီရွှေ့ပြောင်းပေးနေရလျက် ရှိပါတယ်။

Viking Sky အပျော်စီးသင်္ဘောကြီးဟာ မတ်လ ၂၃ ရက် နေ့လည်ခင်းက စက်ရပ်သွားပြီး လှိုင်းထန်နေခဲ့တဲ့ ပင်လယ်ပြင်ထဲမှာ စတင်မျောပါနေခဲ့တာဖြစ်ပါတယ်။

ယင်းနောက် သင်္ဘောအမှုထမ်းတွေဟာ အင်ဂျင်စက်တစ်လုံးကို ပြန်လည်ပတ်နိုင်အောင်နဲ့ ကျောက်ဆူးချနိုင်အောင် ကြိုးပမ်းနိုင်ခဲ့ပေမယ့် ခရီးသည်တွေကို သင်္ဘောပေါ်မှာ ဒီအတိုင်း ဆက်ရှိနေစေခြင်းက အန္တရာယ်များတဲ့အတွက် ခုလို အကူအညီတောင်းခံဖို့ သင်္ဘောကပ္ပတိန်က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ယခုအခါ ရဟတ်ယာဉ် ငါးစင်း ၊ နော်ဝေကမ်းခြေစောင့်တပ်ဖွဲ့နဲ့ အခြား ကယ်ဆယ်ရေး ရေယာဉ်တွေ စုပေါင်းပြီး ခရီးသည်တွေကို ကယ်ဆယ်ရွှေ့ပြောင်းပေးနေရလျက် ရှိပါတယ်။

ကနဦးသတင်းတွေအရ သင်္ဘောပေါ်ပါ ခရီးသည် ရှစ်ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ အနည်းငယ် ရသွားတယ်လို့လည်း သိရပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly