အလယ်တန်းပြဆရာမကြီး ပညာရေးသို့ ပြန်သွင်းရမည့်လစာငွေ ၇၈ သိန်းကို တပ်မတော်မှ ထောက်ပံ့

အလယ်တန်းပြဆရာမကြီး ပညာရေးသို့ ပြန်သွင်းရမည့်လစာငွေ ၇၈ သိန်းကို တပ်မတော်မှ ထောက်ပံ့

မန္တလေး၊ မတ် ၂၃ ။         ။ ပင်စင်ယူရမည့်နှစ်ထက် ပို၍ သုံးနှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သည့် အလယ်တန်းပြဆရာမကြီးအတွက် ပညာ ရေးဝန်ကြီးဌာနသို့ ပြန်လည်ပေးသွင်းရမည့် လစာငွေ ကျပ် ၇၈ သိန်းလုံးကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ  မတ်၂၃ ရက် မွန်းလွဲ ၂ နာရီက လာရောက်ထောက်ပံ႔လှူဒါန်းသွားသည်။

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြ ဆရာမကြီး ဒေါ်မာမာမြင့် လိုအပ်နေသည့် ငွေကြေးကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဆရာမကြီးထံ လက်ရောက် ပေးအပ်သွားခြင်း ဖြစ်သည်။

အမှတ် ၁၂ အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်မာမာမြင့်သည် အခြေခံပညာ အထက်တန်းစာမေးပွဲ အောင်လက်မှတ်(က)ပါ မွေးသက္ကရာဇ် (၁၄-၇-၁၉၅၅)ရက်နေ့ဖြစ်နေသဖြင့်(၁၄-၇-၂၀၁၅)ရက်နေ့တွင် သက်ပြည့်ပင်စင်ခံစားရမည်ဖြစ်သော်လည်း အမှုထမ်းစာအုပ်ပါ မွေးသက္ကရာဇ် (၁၄-၇-၁၉၅၉) ရက်နေ့ဖြင့် လက်ရှိတာဝန်ထမ်းဆောင်နေသောကြောင့် အမှုထမ်းလွန်ကာလ ၃နှစ် ရလ လစာပိုထုတ် ထားငွေ ၇၈၁၄၆၁၃ . ၂၃ ကျပ်ကို ပြန်လည်ပေးသွင်းရန်ဟုဆိုကာ မတ် ၈ ရက်နေ့က အမှတ် (၁၂) အခြေခံ ပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးလက်မှတ်ထိုးဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ထိုသို့အကြောင်းကြားစာရရှိပြီးနောက် ဆရာမဒေါ်မာမာမြင့်အနေဖြင့် ပြန်လည်ပေးသွင်းရန် ငွေကြေး မရှိသဖြင့် အခက်အခဲများ ဖြစ်ပေါ်နေခဲ့ခြင်းဖြစ်သည်။

ထိုအခက်အခဲဖြေရှင်းပေးနိုင်ရန်အတွက် တပည့်ဟောင်းများနှင့် ပရဟိတ အလှူရှင်တစ်ချို့စီစဉ်နေစဉ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က လိုအပ်နေသည့် ငွေပမာဏအားလုံးကို လှူဒါန်းလိုက်ခြင်းဖြစ်သည်။

 "မနက်က တိုင်းမှူးကြီး လွှတ်လိုက်တာဆိုပြီး ဒုတိယဗိုလ်မှူးကြီးမျိုးသန့် လာရောက်စုံစမ်းသွားတယ် ။ ဆရာမနဲ့လည်း စကားပြောဖြစ်တယ် ။ တိုင်းမှူးကြီးကလည်း နေကောင်းအောင်နေပါတဲ့ ။ နေထိုင်မကောင်း ဖြစ်မှာစိုးလို့ပါတဲ့ ။ သူ့တိုင်းထဲမှာ ဒီလိုဖြစ်တာကို မကြည့်နိုင်လို့ပါတဲ့ ။ နေ့လယ်ပိုင်းကြ သေချာ လာပေးတယ်။" ဟု ဆရာမ ဒေါ်မာမာမြင့် က ပြောသည်။

ရရှိထားသည့်ငွေများကို လတ်တလောတွင် ပညာရေးဝန်ကြီးဌာနသို့ ပေးသွင်းဦးမည် မဟုတ်ဘဲ ပင်စင် ကိစ္စများနှင့်ပတ်သက်၍ လိုအပ်သည်များ ဆောင်ရွက်ပြီးမှသာ ပေးသွင်းရန်စီစဉ်သွားမည်ဟု ဆရာမ ဒေါ်မာမာမြင့်က ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly