ပေတစ်သောင်းကျော်တောင်ထိပ်သို့ ငါးမိနစ်ခန့်အလို

ပေတစ်သောင်းကျော်တောင်ထိပ်သို့ ငါးမိနစ်ခန့်အလို

အမှန်တကယ်ပြောရမယ်ဆိုရင်တော့ ခေါ်နူးဇုမ်တောင်ပေါ် ခြေလျင်တက်ကာနီး မော်တော်ဆိုင်ကယ် ကယ်ရီများရပ်နားရာ နေရာရောက်သည်အထိ တလမ်းလုံး ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်နေတာကတော့ တောင်ဇလပ်ပန်းတွေကို အားရပါးရ ဓါတ်ပုံမရိုက်နိုင်ခဲ့တဲ့ ကိစ္စပါပဲ။

တောင်ပေါ် နေမစောင်းခင်ရောက်ဖို့၊ နေမဝင်ခင် တည်းခိိုလို့ရတဲ့နေရာ ပြန်ရောက်ရေးအတွက် အချိန်ဆွဲလို့မရတာကြောင့် ဓါတ်ပုံတွေ အားရအောင် မရိုက်ခဲ့ရပါဘူး။

ကျနော်တို့က ကိုယ့်ကားနဲ့ကိုယ် ဆယ်မိုင်စခန်းအထိ လာခဲ့ကြတယ်။ အဲဒီနေရာအထိပဲ ကားလမ်းပေါက်တယ်။ အဲဒီနေရာအထိပဲ ကားတွေသွားခွင့်ရှိတယ်။ ရှေ့မှာ လှည်းလမ်းလောက်သာရှိတဲ့ မြေနီတောင်တက်လမ်းပဲရှိတယ်။ ဒါကြောင့်မို့ ရှေ့ဆက်ရမယ့်ခရီးက အသွားအပြန် လူတစ်ယောက်ကို (၁၀၀၀၀)ကျပ်နဲ့ မော်တော်ဆိုင်ကယ် ကယ်ရီစီးကြရပါတယ်။

ဒီနေရာကိုမရောက်လာခင်တုန်းကတော့ ဒီနေရာရောက်ရင် ကိုယ့်ဖါသာမော်တော်ဆိုင်ကယ်ငှား ကိုယ်တိုင်စီးရင်လည်းရပါတယ်လို့သတင်းရထားတာမို့ ကိုယ်တိုင်ပဲမောင်းတက်ကြရင်ကောင်းမယ်လို့ ကိုအောင်သူငြိမ်းက ပြောခဲ့ပါသေးတယ်။ မော်တော်ဆိုင်ကယ်စစီးရမယ့် ဆယ်မိုင်စခန်းကိုရောက်တော့ ရာသီဥတုက တော်တော်ကြီးကို အေးနေပါပြီ။ ကိုအောင်သူငြိမ်းက သူဝယ်လာတဲ့လက်အိတ် သုံးစုံကို ဝေမျှတဲ့အခါ ကျနော်က ကမန်းကတန်းပဲလှမ်းယူပြီး လက်ကိုစွပ်ထားလိုက်ရပါပြီ။ ကားပေါ်ကဆင်းပြီး မော်တော်ဆိုင်ကယ် ကယ်ရီသမားတွေနဲ့ စကားပြောကြတဲ့အခါ တောင်ပေါ်ကို ကိုယ်တိုင်ပဲ မော်တော်ဆိုင်ကယ်နဲ့တက်ရင် ကောင်းမယ်ဆိုတဲ့စကား ဘယ်သူမှမပြောကြတော့ပါဘူး။ ရာသီဥတုအခြေအနေနဲ့ လမ်းအခြေအနေကိုကြည့်ပြီး ဆိုင်ကယ်ကယ်ရီရဲ့နောက်ကလိုက်စီးမှဖြစ်တော့မယ်ဆိုတာ မညှိနှိုင်းရဘဲ ကျနော်တို့အားလုံး ချက်ချင်းသဘောပေါက်သွားကြလို့ပါပဲ။

ဆယ်မိုင်စခန်းကနေပြီး ရှေ့ကို မော်တော်ဆိုင်ကယ်နဲ့ဆက်တက်တော့မယ်လည်းပြင်ရော တောင်ဇလပ်ပန်းရောဂါရပြီး ဓါတ်ပုံတွေ အားပါးတရ မရိုက်ခဲ့ရတာကိုပဲ တလမ်းလုံး တအုံနွေးနွေး ဖြစ်လာခဲ့တဲ့ ကျနော့်စိတ်ထဲတွေလည်း ဘယ်ရောက်လို့ဘယ်ပေါက်ကုန်တယ်မသိပါဘူး။ အေးလွန်းလို့ အခံရခက်တာကတကြောင်း၊ လေအေးတွေတိုက်နေတာကတကြောင်း၊ ပတ်ဝန်းကျင်မြင်ကွင်းကြီးတစ်ခုလုံးက မှိုင်းမှိုင်းထိုင်းထိုင်းနဲ့ လေကအစ လုံးကျစ်နေသလိုဖြစ်နေတာမို့ တောင်ဇလပ်ပန်းတွေဆီရောက်နေတဲ့စိတ်က ရှေ့ဆက်တက်ရမယ့် တောင်တက်လမ်းဘက် လှည့်လိုက်ရပါတယ်။

အသက် ၂၀ ကျော်မျှသာရှိမယ်ထင်ရတဲ့ ဆိုင်ကယ်ကယ်ရီသမားရဲ့နောက်က  ဆိုင်ကယ်ပေါ်ကိုယ်စီတက်ခွနေရာယူပြီးတဲ့အခါ ကျနော်က မအောင့်အီးနိုင်တာနဲ့ပဲ “ လမ်းက ဘယ်လိုလည်းဗျ တော်တော်အမြင့်တက်ရသေးလား၊ ဘယ်လောက်ကြာမယ်ထင်သလဲဗျ”လို့ ဆိုင်ကယ်ကယ်ရီသမားတစ်ယောက်ကိုမေးတော့ “ အင်းနည်းနည်းတော့တက်ရမယ်၊ တစ်နာရီနီးပါးပါပဲ၊ ဟို ခတ်မတ်မတ်နေရာတွေမှာတော့ ကယ်ရီသမားကို သေသေချာချာသာဖက်ထား၊ နောက်လန်ကျနိုင်တယ်”လို့ ပြန်ပြောသံကိုကြားလိုက်ရတော့ ကျနော့်မှာ ပြန်ဆင်းရအခက် ဆက်တက်ရအခက် ဖြစ်သွားရပါသေးတယ်။ သေချာတာကတော့ ဒီတောင်တက်လမ်းအခြေအနေကို ဘယ်လိုအခြေအနေရှိတယ်ဆိုတာ ကျနော်တို့လေးယောက်စလုံး ဘယ်လိုမှခန့်မှန်းလို့ မသိနိုင်ကြပါဘူး။ အခြေအနေကိုကြည့်တော့ စိတ်ထဲ စိုးရိမ်စပြုလာနေတာကတော့ အမှန်ပါပဲ။

ငါးမိနစ်လောက် စီးလာပြီးတဲ့အခါ ဆိုင်ကယ်ကယ်ရီသမားတွေဟာ တော်တော်ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်နိုင်ကြသူတေဖြစ်တယ်ဆိုတာတော့ သိလာရပါတယ်။ တံတောင်ဆစ်ချိုးအကွေ့တိုင်း အပေါ်ကို ချက်ချင်းမော့တက်လို်က်တဲ့အချိန်တိုင်း ဆိုင်ကယ်နောက်မြီးက ခြောက်ကမ်းပါးပေါ်က လွတ်လုလွတ်ခင်ဝဲသွားတဲ့အချိန်တိုင်း ကျနော်က မျက်စေ့ကိုစုံမှိတ်၊ ကယ်ရီသမားကို တသက်လုံးမခွဲနိုင်တော့တဲ့ချစ်သူလို အားကိုးတကြီးဖက်သလိုဖက်ထားပြီး တလမ်းလုံးဘုရားတပြီး လိုက်ခဲ့ရပါတယ်။ လက်တကမ်းအကွာလောက်က ခြောက်ကြီးတွေကို မသိမသာခိုးကြည့်ရင်း “ ဒုက္ခပါပဲ၊ ငါ ဘာပြုလို့ ဒီနေရာကိုရောက်လာရတာပါလိမ့်၊ ငါ ဒီလောက်အထိ စွန့်စားဖို့ကော လိုလို့လား”ဆိုတဲ့အတွေးက ဝင်ဖြစ်အောင် ဝင်လိုက်ပါသေးတယ်။
နာရီဝက်ကျော်ကျော် တစ်နာရီနီးပါးရှိတဲ့အခါ မော်တော်ဆိုင်ကယ်တွေ ဆက်ပြီးတက်လို့မရတော့တယ် တောင်ထိပ်နဲ့သိတ်မဝေးတော့ဘူးဆိုတဲ့ ရပ်နားစခန်းကိုရောက်လာခဲ့ပါတယ်။ အဲဒီတစ်နေရာတည်းပဲ မြေပြန့်အနည်းငယ် ရှိပုံလည်းရပါတယ်။ တွန့်လိမ်ကောက်ကွေးပြီး ပုပြတ်ပြတ် မဲခြောက်ခြောက် သစ်ပင်တေဝိုင်းနေတဲ့ အဲဒီနေရာမှာ တခြားဆိုင်ကယ်ကယ်ရီသမား သုံးလောက်လောက်နဲ့ ဆိုင်ကယ်သုံးစီးကိုလည်း တွေ့ပါတယ်။ ဒါဆိုရင် ကျနော်တို့ရှေ့က တခြားခရီးသည် အနည်းဆုံးသုံးယောက်လောက်တော့ တောင်ပေါ်တက်နှင့်နေပြီဆိုတာ သိလိုက်ပါတယ်။ အားလည်း နည်းနည်းရှိလာပါတယ်။
ခေါ်နူးဇုမ်တောင်ထိပ်ကို မရောက်သေးဘူးဆိုပေမယ့် ဆိုင်ကယ်တွေ ဆက်တက်လို့မရတဲ့နေရာကနေပြီး နည်းနည်းခြေလျင်တက်ရင် တောင်ထိပ်ကိုရောက်ပြီဖြစ်ပါတယ်။ ဒါနဲ့ပဲ ကျနော်တို့လေးယောက် တောင်ထိပ်ကို ခြေလျင်ဆက်တက်ကြပါတယ်။

တောင်ထိပ်ရှိမယ့်နေရာကိုခန့်မှန်းကြည့်တော့ ဘယ်လောက်ဆက်တက်ရမယ် တောင်တက်လမ်းအခြေအနေနဲ့ ဆိုးရွားလှတဲ့ရာသီဥတုအခြေအနေကြောင့် ကျနော့်တကိုယ်လုံး နာကျင်ကိုက်ခဲလာရပါတယ်။ ခြေထောက်တွေက ထင်ထားတာထက်ပိုပြီး တုန်ဆိုင်းလာရပါတယ်။ လေက အသက်ရှူလို့မဝလောက်အောင်ဖြစ်လာပါတယ်။

မင်းသားကြီးကိုမင်းဌေးနဲ့ ကိုအောင်သူငြိမ်းတို့က ရှေ့မှာ ကိုက်သုံးဆယ်လောက်ရောက်နေပါပြီ။ နောက်ကိုပြန်ကြည့်တော့ ကိုသက်မှူးကိုတွေ့ရပါတယ်။ ကိုသက်မှူးက ရှေ့ဆက်မတက်ဘဲ ရောက်တဲ့နေရာမှာပဲ ရပ်နေပါတယ်။

ကျနော်တော့ ဆက်မတက်တော့ဘူးဗျာ ခြေထောက်က အရမ်းနာလာနေပြီ လို့ ကိုသက်မှူးကပြောပါတယ်။ ကျနော်ကလည်း ချက်ချင်းဆိုသလို ဆက်မတက်တော့ဘဲ ပြန်ဆင်းဖို့ သဘောတူလိုက်ပါတယ်။ ကျနော်တို့နှစ်ယောက် တောင်အောက်ကို ဒရွတ်ဆွဲပြီး ပြန်ဆင်းကြပါတယ်။

(တကယ်တော့ အဲဒီ နောက်ကြောင်းပြန်လှည့်လာခဲ့တဲ့နေရာဟာ တောင်ထိပ်ကိုရောက်ဖို့ ငါးမိနစ်လောက်တောင် မရှိတော့ဘူးဆိုတာရယ် တောင်ထိပ်မှာ ဘော်လုံးကွင်းတဝက်စာခန့် ကွင်းပြင်တစ်ခုပဲရှိတယ်ဆိုတာရယ်နဲ့ ခြုံပုတ်တချို့၊ စေတီငယ်တစ်ဆူ၊ လက်ဝါးကပ်တိုင်တစ်ခု ရှိတယ်ဆိုတာ နောက်မှပဲ တောင်ထိပ်အတိတက်သူတွေပြောပြလို့ သိရပါတယ်။ ဒီတော့လည်း ဆက်တက်ဖို့ အချိန်တော်တော်ယူရအုန်းမယ် တောင်ကလည်း သည့်ထက်မတ်စောက်အုန်းမယ်လို့ထင်ပြီး စိတ်ကိုလျှော့ပြန်ဆင်းလာခဲ့မိတဲ့ကိုယ့်အဖြစ်ကိုလည်း မကျေမနပ် ဖြစ်ခဲ့ရပါတယ်။)

ဆက်လက်ဖတ်ရှဳပါရန်…..

 

 

Mizzima Weekly