မြေသယ်ယာဉ်၊ကျောက်သယ်ယာဉ်များ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေး အသိပညာပေး

မြေသယ်ယာဉ်၊ကျောက်သယ်ယာဉ်များ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေး အသိပညာပေး
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ မတ် ၂၃ ။         ။ မြေသယ်ယာဉ်၊ကျောက်သယ်ယာဉ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေးနှင့် ကျောက်၊ ကျောက် မှုန့်များသယ်ဆောင်ရာတွင် အဖုံးများလုံခြုံစွာ ဖုံးအုပ်သယ်ဆောင်ရေးအတွက် အသိပညာပေးလှုပ်ရှားမှုကို မတ် လ ၂၃ ရက်၊နံနက် ၁၁ နာရီက မန္တလေး-ပြင်ဦးလွင်လမ်းပိုင်း၊ငွေတောင်ကျေးရွာအနီးတွင် မှတ် ၈၆ ယာဉ် ထိန်း ရဲတပ်ဖွဲ့စု (ပုသိမ်ကြီး)က ပြုလုပ်လျက်ရှိသည်။

"ကျောက်တွေကို စတင်ပြီဆိုတာနဲ့ လမ်းတွေမပျက်ဆီးဖို့အတွက် တန်ပိုတွေ မသယ်ဖို့ရယ် သယ်လာတဲ့ ဟာ တွေကိုလည်း လမ်းပေါ်မှာကျောက်ခဲတွေ မြေမှုန့်တွေ မကျအောင်လည်း သေချာအဖုံး အအုပ်လေး တွေနဲ့ သယ်ကြဖို့အတွက်လုပ်တဲ့ အစီအမံဖြစ်ပါတယ်။ဒီအစီအမံကို ကျွန်တော်တို့ မြေသယ် ကျောက်သယ် ယာဉ်တွေ စည်းကမ်း လိုက်နာသွားတဲ့အထိ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။"ဟု မှတ် ၈၆ ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ပုသိမ်ကြီး) မှတပ်ဖွဲ့စုမှူး ဒုရဲမှူး ကျော်ကျော်အောင် ကပြောသည်။

ကျောက်ထုတ်လုပ်ငန်းအများစုသည် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချော၊ အုန်းချောနှင့် ထုံးဘို ကျေးရွာတို့တွင် ရှိနေပြီး အဆိုပါကျောက်ထုတ်လုပ်သည့်လုပ်ငန်းများမှ ကျောက်သယ်ယာဉ်များသည် မန္တလေး-ပြင်ဦးလွင် လမ်း ပိုင်းကို အသုံးပြုကာ မန္တလေးမြို့အနီးပတ်ဝန်ကျင်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်များနှင့်လမ်းတံတား လုပ်ငန်း ခွင်များသို့ ပို့ဆောင်ပေးရန် နေ့စဉ်ရာချီ၍ သွားလာလျက်ရှိသည်။

"မန္တလေး-ပြင်ဦးလွင် လမ်းပိုင်းပေါ်မှာ မြေသယ် ကျောက်သယ်ယာဉ်တွေ စနစ်တကျ အန္တရာယ်ကင်းစွာ သွား လာနိုင်ဖို့ ပညာပေးမှုတွေလုပ်နေတယ်။မြေသယ်ကျောက်သယ်ယာဉ်တွေကို အရှိန်ပြင်းမမောင်းနှင်ဖို့ လမ်းရဲ့ လက်ဝဲကြောကို မမောင်းဘဲနဲ့လက်ယာဘက်ယာဉ်ကြောကတေဖြေးဖြေးမှန်မှန်မောင်းဖို့ရယ် ရည်ရွယ်ပြီး လုပ်တာပါ။"ဟု ဒုရဲမှူး ကျော်ကျော်အောင် ကပြောသည်။

မန္တလေး-ပြင်ဦးလွင် လမ်းပိုင်းကို အသုံးပြု၍ သွားလာနေသည့် မြေသယ်ယာဉ် ကျောက်သယ်ယာဉ် အများစု သည် စည်းကမ်းလိုက်နာမှု အားနည်းခြင်းများကြောင့် ယာဉ်မတော်တဆမှုများလည်း မကြာခဏ ဖြစ်ပေါ် လျက် ရှိကြောင်း ယင်းလမ်းပိုင်းသည် ခရီးသွားပြည်သူများနှင့်နိုင်ငံခြားသား ခရီးသွားများလည်း အသုံးပြုနေခြင်း ကြောင့် ယာဉ်မတော်တဆမှုများမဖြစ်ပေါ်စေရန်အတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာကြရန် အသိပညာပေးဟောပြောမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

 
မြေသယ်ယာဉ် ကျောက်သယ်ယာဉ်မောင်းများသည် သတ်မှတ်ယာဉ်မောင်းလိုင်စင်ရှိရန်လိုအပ်ပြီး လုပ်ငန်း အသုံးပြုနေသည့် ယာဉ်များသည်လည်း လိုင်စင်ရှိရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောမှုများကို ကျောက်သယ် မြေသယ် ယာဉ်မောင်းများ စည်းကမ်း လိုက်နာ လာသည့် အချိန်ထိပြုလုပ်သွားမည်ဟု သိရပြီး ကျောက်ထုတ်လုပ်နေသည့် လုပ်ငန်းခွင်းများသို့လည်း သွားရောက်ကာ အသိပညာပေးဟောပြောမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly