ရွှေတိဂုံစေတီတော်၏ ရွှေသင်္ကန်းစျေးနှုန်းကို မေလမှစတင်ကာ ကျပ် ၁ဝသိန်းအဖြစ် ပြောင်းလဲအလှူခံမည်

ရွှေတိဂုံစေတီတော်၏ ရွှေသင်္ကန်းစျေးနှုန်းကို မေလမှစတင်ကာ ကျပ် ၁ဝသိန်းအဖြစ် ပြောင်းလဲအလှူခံမည်

ရန်ကုန်၊ မတ် ၂၃ ။                ။ ရွှေစျေးမြင့်တက်လာမှုကြောင့် ရွှေတိဂုံဘုရား ရွှေသင်္ကန်းစျေးနှုန်းကို မေလ ၁ ရက်နေ့မှစတင်ကာ ကျပ် ၁ဝသိန်းအဖြစ်ပြောင်းလဲ၍ အလှူခံသွားမည်ဖြစ်ကြောင်း စေတီတော်ကြီး၏ဘဏ္ဍာထိန်းဂေါပကအဖွဲ့က သတင်းထုတ်ပြန် ခဲ့သည်။

ဘုရားဂေါပကအဖွဲ့အနေဖြင့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအတွက် အလှူခံရာတွင် ၂၀၁ရခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှ စတင်ကာ ရွှေစင်ရွှေပြား တစ်ကျပ်သား တစ်ချပ်လျှင် ငွေကျပ် ရှစ်သိန်းတစ်သောင်းဖြင့် စျေးနှုန်း သတ်မှတ်၍ အလှူခံခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအခြေအနေများအရ ၁၆ပဲရည် ရွှေတစ်ကျပ်သားလျှင် စျေးနှုန်း ကျပ်ဆယ်သိန်းကျော်သို့ ရောက်ရှိနေ သောကြောင့် ရွှေစင်ရွှေပြား တစ်ကျပ်သားကပ်လှူတိုင်း ရွှေသင်္ကန်းတော် အလှူရငွေမှ စိုက်ထုတ်သုံးစွဲရသော ငွေကြေးပမာဏမှာ များပြားလျှက်ရှိနေကြောင်းလည်း ဂေါပကအဖွဲ့က ဆိုထားသည်။

ထို့ကြောင့် ၂၀၁၉ခုနှစ် မေလ ၁ရက်နေ့မှ စတင်၍ ရွှေစင်ရွှေပြားတစ်ကျပ်သားတစ်ချပ်လျှင် ငွေကျပ် တစ်ဆယ် သိန်းတိတိဖြင့် အလှူခံသွားမည် ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်၏ ဘဏ္ဍာထိန်းဂေါပကအဖွဲ့က မတ်လ ၂၃ ရက်နေ့တွင် သတင်းထုတ် ပြန်ခဲ့သည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းကို ငါးနှစ်တစ်ကြိမ် ပုံမှန်ပြုလုပ်ခဲ့ပြီး ရဟန်းရှင်လူပြည်သူများက ရွှေသင်္ကန်းအတွက် အလှူငွေများကို နေ့စဉ်လာရောက်လှူဒါန်းခဲ့ကြကြောင်း ရှေးယခင်ကလည်း ရွှေသင်္ကန်ကပ်လှူပူဇော်ရာတွင် ပြင်ပကာလပေါက်စျေးနှင့် အလှူခံနှုန်းထား ကွာခြားမှု ရှိပါက တိုးမြှင့်အလှူခံခဲ့ရသည့် အစဉ်အလာများရှိသောကြောင့် ယခုကဲ့သို့ တိုးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးမှ ဘုရားဖူးဧည့်သည်များသာမက ကမ္ဘာလှည့်ခရီးသွားများပါ နေ့စဉ်လာရောက်မှုများသည့် ရွှေတိဂုံစေတီတော်တွင် လက်ရှိဘဏ္ဍာတော်ငွေမှာ ကျပ်သန်းပေါင်း ၇၈,ဝဝဝ ကျော်(၇၈,၆၉၁ သန်း) ရှိကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။ အဆိုပါ ဘဏ္ဍာငွေပမာဏမှာ ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၈ ရက်နေ့အထိ စာရင်းချုပ်ထားသည့် ငွေပမာဏ ဖြစ်ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်တွင် လက်ရှိဘဏ္ဍာတော်ငွေမှာ ဘဏ်အပ်ငွေ(စာရင်းရှင်) ကျပ်သန်းပေါင်း ၂,၆၇၃၊ ငွေစု စာအုပ်များ(ငွေစုဘဏ်) ကျပ်သန်းပေါင်း ၆၄,၄၉ဝ၊ ငွေစုလက်မှတ်များတန်ဖိုး ကျပ်သန်းပေါင်း ၈,၅၂၈၊ ဘဏ် အပ်ငွေ(Fixed Deposit) ကျပ်သန်းပေါင်း ၃,ဝဝဝ၊ စုစုပေါင်း ကျပ်သန်းပေါင်း ၇၈,၆၉၁ သန်း( အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၉ သန်း) ရှိကြောင်းသိရသည်။

ရွှေတိဂုံစေတီတော်သို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွားများကို တစ်ဦးလျှင် ကျပ်ငွေ ၁ဝ,ဝဝဝ ကောက် ခံပြီး တစ်ရက်လျှင် နိုင်ငံခြားသားဧည့်သည် ၂၅ဝဝ မှ ၃၅ဝဝ ကြား ထိ ရွှေတိဂုံစေတီတော်သို့ လာရောက် ကြောင်း၊ ပြည်တွင်းဧည့်သည်များမှာ သောင်းဂဏန်းဝန်းကျင်ထိ လာရောက်ကြောင်း သိရသည်။

 
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly