မှတ်ပုံတင်တစ်ခုလျှင် ဆင်းကတ်နှစ်ခုသာ မှတ်ပုံတင်ခွင့်ပြုတော့မည်

မှတ်ပုံတင်တစ်ခုလျှင် ဆင်းကတ်နှစ်ခုသာ မှတ်ပုံတင်ခွင့်ပြုတော့မည်
Myanmar man buys Ooredoo mobile sim card as other wait outside a mobile shop to buy, Yangon, Myanmar, 31 July 2014 Photo-LYNN BO BO

ရန်ကုန်၊ မတ် ၂၃ ရက် ။            ။ နိုင်ငံအတွင်းအသုံးပြုလျက်ရှိသော တယ်လီဖုန်းဆင်းကတ်များအနေဖြင့် မှတ်ပုံတင်ပြုလုပ်ရာတွင် နိုင်ငံငသားစိစစ်ရေးကတ်ပြားတစ်ခုတည်းဖြင့် အမြောက်အမြား မှတ်ပုံတင်လျက်ရှိနေရာ ၎င်းတို့အား လာမည့် ဧပြီ ၁ ရက်နေ့မှ စတင်ကာ ခွင့်ပြုတော့မည် မဟုတ်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

စျေးကွက်အတွင်း တယ်လီဖုန်းဆင်းကတ်များ အပြိုင်အဆိုင် ရောင်းချမှုများနှင့် သုံးစွဲသူ လက်ဝယ်သို့ လွယ်ကူစွာ ရောက်ရှိစေရေးအတွက် ထပ်ဆင့်ရောင်းချသူများအနေဖြင့် မှတ်ပုံတင်ပြီး ရောင်းချနေမှုများ ရှိနေသည်။

ထိုသို့ မှတ်ပုံတင်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် ကျောင်းသားကတ် ၊ ယာဉ်မောင်းလိုင်စင်၊ ပတ်စ်ပို့ စသည့် အထောက်ထားတစ်ခုတည်းဖြင့် ဆင်းကတ်များစွာကို မှတ်ပုံတင်ပြုလုပ်ပေးနေရာ အများပြည်သူ၏ လုံခြုံရေးကို ထိရောက်စွာ ကာကွယ်မှုများပြုလုပ်ပေးရန် အခက်အခဲများစွာ ရှိနေသည်ဟု မတ်လ ၂၂ ရက်နေ့က ထုတ်ပြန်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ဧပြီ ၁ ရက်နေ့မှ စတင်ကာ ကတ်ပြားတစ်ခုဖြင့် အနည်းဆုံး ဆင်းကတ် နှစ်ခုကိုသာ ဝယ်ယူစေရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ၊ ယင်းနေ့ နောက်ပိုင်း ဆင်းကတ် မှတ်ပုံတင်မှုများရှိနေမည်ဆိုပါက ၎င်းတို့ကို ပိတ်သိမ်းသွားမည်ဟု ဆိုသည်။

ဆင်းကတ်မှတ်ပုံတင်ပြုလုပ်ရာတွင် အမှတ်စဉ် (၁) အဖြစ် အမည် ၊ အမှတ်စဉ် (၂) အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (သို့မဟုတ်) ကျောင်းသားကတ် ၊ ယာဉ်မောင်းလိုင်စင် ၊ Passport No (နိုင်ငံခြားသားများအတွက်သာ) ၊ အမှတ်စဉ် (၃) နိုင်ငံသားစိစစဉ်ရေးကတ်ပြား မူရင်းနှင့် မိတ္တူ ၊ အမှတ်စဉ် (၄) အဖြစ် အဘအမည်၊ အမှတ်စဉ် (၅) အဖြစ် မွေးသက္ကရာဇ်၊ အမှတ်စဉ် (၆) အဖြစ် လူမျိုး/နိုင်ငံသား ၊ အမှတ်စဉ် (၇) အဖြစ် ကျား/မ၊ အမှတ်စဉ် (၈) အဖြစ် နေရပ်လိပ်စာတို့ကို အပြည့်အစုံ ထည့်သွင်းရမည် ဖြစ်သည်ဟု ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် မိုဘိုင်းဖုန်းကို အသုံးပြု၍ ငွေပေးငွေယူကိစ္စဆောင်ရွက်မှုများအပါအဝင် ၎င်းကိစ္စရပ်များလုံခြုံစွာ ဆောင်ရွက်နိုင်ရေး၊ အများပြည်သူတို့ လုံခြုံရေးကို ကာကွယ်ရန်နှင့် ဆင်းကတ်များ ပျက်စီးပျောက်ဆုံးပါက အလွယ်တကူ ပြန်လည် ရရှိနိုင်စေရေးတို့ဟု ဆိုကာ ၂၀၁၆ ခုနှစ် သြဂုတ်လမှ စတင်ကာ ဆင်းကတ်များ မှတ်ပုံတင်သုံးစွဲရန် စတင်ဆောင်ရွက်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly