ကနေဒါက အကြီးဆုံး ချက်ချ်ဘုရားကျောင်းမှာ ရုပ်သံ live ထုတ်လွှင့်နေချိန် ဘုန်းတော်ကြီးကို ဓားနဲ့ ဝင်ထိုးမှု ဖြစ်ပွား

ကနေဒါက အကြီးဆုံး ချက်ချ်ဘုရားကျောင်းမှာ ရုပ်သံ live ထုတ်လွှင့်နေချိန် ဘုန်းတော်ကြီးကို ဓားနဲ့ ဝင်ထိုးမှု ဖြစ်ပွား

ကွီးဘတ်၊ မတ် ၂၃ ။           ။ ကနေဒါနိုင်ငံက အကြီးဆုံး ခရစ်ယာန်ချက်ချ်ဘုရားရှိခိုးကျောင်းမှာ မတ် ၂၃ ရက်က ရုပ်သံ live ထုတ်လွှင့်နေတဲ့ အချိန်မှာပဲ ဝတ်ပြုဆုတောင်းသူတွေရှေ့မှာ သင်းအုပ်ဘုန်းတော်ကြီးကို လူတစ်ဦးက ဓားနဲ့ဝင်ထိုးမှု ဖြစ်ပွားခဲ့တယ်လို့ ရဲက ပြောပါတယ်။

ကက်သလစ်ရုပ်သံကနေ live ထုတ်လွှင့်တာဖြစ်ပြီး ထိပ်တန်း  CTV ရုပ်သံကွန်ရက်ကပါ ပြသတဲ့ အဲဒီ live ဗီဒီယိုမြင်ကွင်းမှာ မွန်ထရီယိုမြို့က စိန့််ဂျိုးဆက်ဘုရားကျောင်းအတွင်း ဂျင်းဘောင်းဘီ၊ သားမွေးကုတ်အင်္ကျီနဲ့ ဘေ့စ်ဘောဦးထုပ်ကို ဆောင်းထားတဲ့ အမျိုးသားတစ််ဦးက တရားဟောနေတဲ့ ဘုန်းတော်ကြီး ကလော့ဒ်ဂရုထံ ချည်းကပ်သွားတာကို တွေ့ရပါတယ်။

စင်မြင့်ပေါ်မှာ တရားဟောနေတဲ့ ဘုန်းတော်ကြီးဟာ အဲဒီ အမျိုးသား အနားရောက်လာတော့ ထအပြေးမှာ လိုက်လံခံရပြီး လဲကျသွားခဲ့ရာမှာ ဓားနဲ့ အထိုးခံလိုက်ရတာပဲ ဖြစ်ပါတယ်။

ဘုန်းတော်ကြီးဟာ တရားကျမ်းစာကို စပြီး ဖတ်စအချိန်မှာပဲ စင်မြင့်ရှေ့ကို အဲဒီ အမျိုးသားက ထွက်လာပြီး ဘုန်းတော်ကြီးကို ဓားနဲ့ လိုက်ထိုးတာ ဖြစ်တယ်လို့ မျက်မြင်တစ်ဦးက ဆိုပါတယ်။

“ကျွန်တော် ထင်လိုက်တာက အဲဒီလူဟာ တရားဟောစင်မြင့်ရှေ့မှာ ဒူးထောက်ပြီး အရိုအသေ ပေးမလို့ဆိုပြီး ထင်မိတာပါ။ အားလုံးလည်း ဒီလိုပဲ ထင်ကြတာပဲ။”လို့ အဲဒီ မျက်မြင်ကြုံလိုက်သူက ပြောပါတယ်။

ဒီလို တိုက်ခံချိန်အတွင်းမှာ အဲဒီ ကျူးလွန်သူဟာ ဘာတစ်ခွန်းမှ မပြောပေမယ့် တစ်ဆုံးတစ်စ လုပ်တော့ဖို့ စိတ်ပိုင်းဖြတ်ထားပုံတော့ တွေ့ရတယ်လို့ မျက်မြင်ဖြစ်သူ ပလမ်မွန်ဒွန်က ပြောပါတယ်။

ဘုန်းတော်ကြီးအနေနဲ့ ဒီလို တိုက်ခိုက်ခံရပေမယ့် ကိုယ်ကိုကို မတ်မတ် ရပ်နိုင်ပြီး လုံခြုံရေးအစောင့်တွေက တိုက်ခိုက်သူကို ဝိုင်းရံထားလိုက်တာ ဖြစ်ပါတယ်။ အဲဒီတော့မှာ တိုက်ခိုက်တဲ့သူဟာ ဓားကို လွွှတ်ချလိုက်တာပါ။

အစောင့်သုံးဦးဟာ တိုက်ခိုက်သူကို ဖမ်းချုပ်ထားပြီး အခြားသူတွေကို ကြောက်ရွံ့ထိတ်လန့်နေတဲ့ ဘုန်းတော်ကြီးကို ၀ိုင်းရံပေးထားပါတယ်။

ဒီနောက်မှာ ဘုန်းတော်ကြီးကို ဆေးရုံတင်ပို့ခဲ့ပြီး အခြေအနေ မစိုးရိမ်ရကြောင်း သိရပါတယ်။ ဘုရားကျောင်းကိုလည်း ပိတ်ထားလိုက်ပြီး တိုက်ခိုက်သူကို ရဲက ဖမ်းဆီးထားပေမယ့် ဘာကြောင့် ခုလို ကျူးလွန်ရကြောင်းကို မထုတ်ပြန်သေးပါဘူး။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly