၂၀၁၈ အကယ်ဒမီပွဲတက်ခွင့် ဖိတ်စာတစ်စောင် ရုပ်ရှင်အစည်းအရုံး ပယ်ဖျက်

၂၀၁၈ အကယ်ဒမီပွဲတက်ခွင့် ဖိတ်စာတစ်စောင် ရုပ်ရှင်အစည်းအရုံး ပယ်ဖျက်

ရန်ကုန်၊ မတ်လ ၂၂ ။     ။ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ပွဲတက်ဖိတ်စာတစ်စောင်အား ပယ်ဖျက်ခဲ့သည့်အပေါ် ဖိတ်စာရှင် မည်သူမည်ဝါဖြစ်သည်ကို ရုပ်ရှင်အစည်အရုံးမှ သီးခြားအတည်မပြုခဲ့ကြောင်း ပြောခဲ့သည်။

“ အဲဒီ စာအတိုင်းပဲ။ ဘယ်သူ့ကိုမှ မပြောဘူး။ နဂိုကတည်းက မသိစေချင်လို့ နာမည်ကို ထည့်မရေးထားဘူးလေ ’’ ဟု ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက မတ်လ ၂၂ရက်၊ ညနေ ၄နာရီခန့်တွင် မဇ္ဈိမသို့ ပြောသည်။

“ (A3, KK-16)ပါ ဖိတ်စာကို ချမှတ်ထားသော မူဝါဒနှင့်မညီဘဲ မှားယွင်းဖိတ်စာ ထုတ်ပေးခဲ့ခြင်းဖြစ်သော ကြောင့် အဆိုပါဖိတ်စာဖြင့် အခမ်းအနားတက်ရောက်ခွင့် မပြုကြောင်း ” မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ယနေ့ မတ်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖိတ်စာပါနံပါတ်သည် သီချင်းတစ်ပုဒ်ကြောင့် အွန်လိုင်းတွင် လူသိများလာသည့် ကျော်ကျော်နန္ဒ ၏ ဖိတ်စာနံပါတ်နှင့် တူညီနေပြီး ယင်းဖိတ်စာ ဟုတ်၊ မဟုတ် မဇ္ဈိမမှ လတ်တလောတွင် သီးခြား အတည်မပြုနိုင်သေးပေ။

ကျော်ကျော်နန္ဒက အဆိုပါဖိတ်စာရရှိကြောင်း လူမှုကွန်ရက်တွင် တင်ခဲ့ရာ ဆိုရှယ်မီဒီယာအသုံးပြုသူများအကြား ဝေဖန်မှုများ များလာပြီးနောက် ယင်းကဲ့သို့ ပယ်ဖျက်သောစာ ထွက်ပေါ်လာခြင်း ဖြစ်သည်။

လာမည့် မတ်လ ၂၃ ရက်တွင် ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကျင်းပမည်ဖြစ်ပြီး ယခုနှစ် ပွဲ တက်ရောက်ခွင့်အတွက် အနုပညာရှင်အချို့ကြား ဝေဖန်မှုများ ရှိနေသည်။

ရုပ်ရှင်လောကသားစုစုပေါင်းနှင့် ဖိတ်ကြားနိုင်သော အရေအတွက်မမျှသောကြောင့် ဦးစားပေးအချက်များနှင့် ဖိတ်ကြားမည်ဟု ဇန်နဝါရီလ ၁၁ ရက်က ဝင်္ကဘာလမ်းရှိ ရုပ်ရှင်အစည်းအရုံးတွင် ပြုလုပ်ခဲ့သော အကယ်ဒမီသတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောဆိုထားသည်။

 “ကျွန်တော်တို့ ဦးစားပေးစနစ် သတ်မှတ်ပါတယ်။ (၁) အချက်က ရုပ်ရှင်သက်ကြီးဝါကြီးများဖြစ်ပါတယ်။ ကျွန်တော်တို့ မိဘ၊ ကျွန်တော်တို့ ဆရာသမား၊ တကယ့်ကို နေရာပေးထိုက်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဒုတိယဦးစားပေးအနေနဲ့ကတော့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ဖြစ်တဲ့အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ရရှိခဲ့ပြီးတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေကို ဒုတိယဦးစားပေးအနေနဲ့ ဖိတ်ပါတယ်။ တတိယ ဦးစားပေး အနေနဲ့ကတော့ ဒီတစ်နှစ်အတွင်း ရုံတင်ပြသသွားတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်များကို ဖိတ်ပါတယ်။ ပြီးမှ ပိုတဲ့ထဲက ကျန်လောကသားထဲက အဖိတ်သင့်ဆုံးပုဂ္ဂိုလ်များကို ဝါစဉ်အလိုက် စီပြီး သူ့အလွှာနဲ့သူ ဖိတ်ပါတယ် ” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ က ပြောဆိုထားသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းကို အဆိုပါဖိတ်စာကိစ္စနှင့်ပတ်သက်ပြီး မဇ္စျိမမှ  ဆက်သွယ် မေးမြန်းခဲ့သော်လည်း မအားလပ်သောကြောင့် ဖြေကြားပေးနိုင်ခြင်း မရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required