ကင်မရွန်းနိုင်ငံသား(၂)ဦးကို ဒေါ်လာ အတုများနှင့်အတူ ဖမ်းမိ

ကင်မရွန်းနိုင်ငံသား(၂)ဦးကို ဒေါ်လာ အတုများနှင့်အတူ ဖမ်းမိ
ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ မတ် ၂၂ ။     ။ ရန်ကုန်မြို့ ၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံလမ်းရှိ “ချမ်းမြေ့” တည်းခိုခန်းတွင် ကင်မရွန်း နိုင်ငံသား(၂)ဦးအား အမေရိကန်ဒေါ်လာ အတုများ၊ အတုပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ် ပစ္စည်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

၂၀၁၉ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်း မြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ မှုခင်းရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ ဝင်များ၊ သတင်းရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နိုင်ငံခြားသားနှစ်ဦးမှ နိုင်ငံခြားငွေအတုများအား လက်ဝယ်ထားရှိ သုံးစွဲ၊လဲလှယ်နေကြောင်း သတင်းအရ စုံစမ်းခဲ့ရာ ကင်မရွန်းနိုင်ငံသား Mr. Guillaume Nekndo Tchoungang (၃၃)နှစ် ကင်မရွန်း နိုင်ငံ နေသူနှင့် Mr. Charles Abe Etounit (၄၆)နှစ် ကင်မရွန်း နိုင်ငံနေသူတို့အား တွေ့ရှိသဖြင့် စစ်ဆေးခဲ့သည်။

အဆိုပါ (၂)ဦးက နိုင်ငံခြားငွေများရှိကြောင်း၊ အလဲအထပ်ပြုလုပ်လိုပါက ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံလမ်းရှိ “ချမ်းမြေ့” တည်းခိုခန်းတွင် တည်းခိုနေထိုင်ကြောင်း ပြောပြ သိရှိရသဖြင့် သွားရောက်ရှာဖွေရာ Mr. Guillaume Nekndo Tchoungang တည်းခိုသည့် အခန်းအမှတ် (၇၁၆)အတွင်းမှ အတုဟုယူဆရသော အမေရိကန်ဒေါ်လာ (၃၄၇၁) ရွက်နှင့် Mr. Charles Abe Etounit တည်းခိုသည့် အခန်းအမှတ်(၇၁၅)အတွင်းမှ အမေရိကန်ဒေါ်လာ ငွေစက္ကူအတုပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းအမျိုး(၂၀)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် Mr. Guillaume Nekndo Tchoungang နှင့် Mr. Charles Abe Etounit တို့(၂)ဦးအား ကျောက် တံတားမြို့မရဲစခန်းမှ (ပ)၁၀၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၈၉-က/၄၈၉-ခ/၄၈၉-ဂ/၄၈၉-ဃ ဖြင့် အရေးယူ ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required