ထိုင်းပြည်သူတွေ ရွေးကောက်ပွဲ မဲပေးကြဖို့ ဘန်ကောက်မြို့တွင်း လိုက်လံနှိုးဆော်ခဲ့တဲ့ စူပါမန်း

ထိုင်းပြည်သူတွေ ရွေးကောက်ပွဲ မဲပေးကြဖို့ ဘန်ကောက်မြို့တွင်း လိုက်လံနှိုးဆော်ခဲ့တဲ့ စူပါမန်း

မတ် ၂၂ ။     ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က ယာဉ်ကြောပိတ်ဆို့နေတဲ့ လမ်းမတွေပေါ်မှာ မတ်လ ၂၁ ရက်က စူပါမန်းတစ်ဦး လျှောက်ပြေးလွှားနေခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ သူ့လက်ထဲမှာလည်း ထိုင်းအလံတစ်ခု၊ စာတန်းတစ်ခု တို့ကို ကိုင်ဆောင်ထားပါတယ်။

၎င်း စူပါမန်းရဲ့ ရည်ရွယ်ချက်ကတော့ လာမယ့် တနင်္ဂနွေ အထွေထွေ ရွေးကောက်ပွဲမှာ ထိုင်းပြည်သူတွေအားလုံး မဲသွားပေးကြဖို့ လိုက်လံတိုက်တွန်းခြင်းသာ ဖြစ်ပါတယ်။

ဒါကတော့ အသက် ၄၀ ခန့်ရှိ ဒေးဗစ် ပစ်ဇန်မိုင်ယာ အမည်ရ ထိုင်း-ဂျာမန် နိုင်ငံသားနှစ်ခု ခံယူထားသူ အမျိုးသားက စူပါမန်းလို ဝတ်ဆင်ပြီး မြို့တွင်းမှာ ပြည်သူတွေကို မဲပေးကြဖို့ လိုက်လံနှိုးဆော်နေခဲ့တာဖြစ်ပါတယ်။

“ ကျွန်တော် ဒီနေ့ စူပါမန်းလို ဝတ်ထားပါတယ်၊ ရည်ရွယ်ချက်ကတော့ ထိုင်းပြည်သူတွေကို သူတို့ရဲ့ မဲပေးနိုင်တဲ့ အခွင့်အရေးကို အရယူကြဖို့ တိုက်တွန်းချင်တာပါ၊ မဲရုံတွေဆီ မပျက်မကွက် သွားစေချင်ပါတယ်၊ ဒါက နှစ်တွေအကြာကြီး ကြာမှ ခု ပထမဆုံး ပြန်ကျင်းပတဲ့ ရွေးကောက်ပွဲပါ၊ ထိုင်းပြည်သူတွေအနေနဲ့ သူတို့ရဲ့ နိုင်ငံသားတာဝန် ကျေမယ်လို့ မျှော်လင့်ပါတယ်” ဆိုပြီး စူပါမန်းလို ဝတ်ဆင်ပြီး လိုက်လံနှိုးဆော်ခဲ့သူ ဒေးဗစ်က ပြောသွားပါတယ်။

သူ့ရည်ရွယ်ချက်က ပါတီ တစ်ခုခုအတွက် မဲဆွယ်ပေးနေခြင်းမဟုတ်ကြောင်း၊ ပြည်သူတွေ မဲပေးကြဖို့ တိုက်တွန်းလိုခြင်းသာ ဖြစ်ကြောင်း၊ နိုင်ငံအတွက် စစ်အစိုးရက ရေရှည် အဖြေတစ်ခုမဟုတ်ကြောင်း ၎င်းက ပြောသွားပါတယ်။

လာမယ့် မတ်လ ၂၄ ရက်မှာတော့ ယင်းနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပဖို့ ရှိနေပြီး ဒါဟာ ၂၀၁၁ နောက်ပိုင်း ပထမဆုံးပြန်ကျင်းပတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly