တောင်ဇလပ်ပန်းနဲ့ ဒေါ်အိုစာရဲ့သစ်ပင်များ

တောင်ဇလပ်ပန်းနဲ့ ဒေါ်အိုစာရဲ့သစ်ပင်များ

ချင်းတောင် တောင်ပိုင်း ကန်ပက်လက်မြို့ဟာ အနောက်ရိုးမတောင်တန်းကြီးရဲ့ကြောပေါ်မှာ တောင်ရိုးအတိုင်း အရှည်လိုက်တည်ရှိတဲ့ မြို့ကလေးတစ်မြို့ပါ။ ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ (၆၀၀၀) ကျော်အမြင့်မှာရှိတဲ့ တောင်ပေါ်မြို့ပါ။

ကန်ပက်လက်မြို့ကလေးရဲ့အမြင့်ကို သိသာအောင် နှိုင်းယှဉ်ပြရရင် လွန်ခဲ့တဲ့ တစ်နှစ်ကျော်တုန်းက ကျနော်တို့အဖွဲ့ (၄)နာရီနီးပါး သေလုအောင် တက်ခဲ့ရတဲ့ ကရင်ပြည်နယ် ဇွဲကပင်တောင်နဲ့ နာမည်ကျော်ပေါင်းလောင်းတောင်ကြောပေါ်က ကျိုက်ထီးရိုးဘုရားတောင်တို့ကတော့ ပေ(၃၀၀၀) ကျော်စိီပဲ မြင့်ကြပါတယ်။ ပုပ္ပါးတောင်မကြီးဆိုရင် ပေ(၄၀၀၀)ကျော် မြင့်ပါတယ်။ အခုပြောတဲ့ ဇွဲကပင်တောင်၊ ကျိုက်ထီးရိုးတောင်နဲ့ ပုပ္ပါးတောင်မကြီးတို႔ ဆိုတာ တောင်ထွတ်တောင်မြင့်တွေကိုပြောတာပါ။ မြို့နေရာအကွက်အကွင်းတွေ မဟုတ်ပါဘူး။ အခု ကျနော်တို့ရောက်နေတဲ့ ကန်ပက်လက်ဆိုတာကတော့ မြို့ပါ။ ပေ (၆၀၀၀)ကျော်တောင်ပေါ်မှာရှိတဲ့ မြို့ပါ။ တခါ မြို့ချင်းယှဉ်ကြည့်မယ်ဆိုရင်လည်း ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ဆိုရင် ရှမ်းကုန်းပြင်မြင့်ပေါ်မှာရှိပြီး ချမ်းအေးတဲ့မြို့အဖြစ်ထင်ရှားတဲ့မြို့ပါ။ အဲဒီမြို့ဆိုရင်လည်း ပေ(၃၀၀၀)ကျော်ပဲမြင့်တဲ့မြို့ပါ။ ဒီလောက်ဆိုရင် ကျနော်တို့ရောက်နေတဲ့ ကန်ပက်လက်မြို့ရဲ့ အနေအထားကို စာဖတ်သူများ ခန့်မှန်းလို့ ရနိုင်လောက်ပြီထင်ပါရဲ့။ တကယ်တော့ တောင်ကြောတစ်ခုပေါ်မှာတည်တဲ့ မြို့တွေထဲ ကန်ပက်လက်ဟာ အမြင့်ဆုံးမြို့တစ်မြို့များ ဖြစ်နေလေမလား။

အခုဆိုရင် ကျနော်တို့ကားကလေး ပေ (၈၀၀၀)ကျော်မြင့်တဲ့နေရာ ရောက်လာခဲ့ကြပါပြီ။ မကြာခင် ပေတစ်သောင်းနီးပါးအမြင့်မှာရှိတဲ့ ဆယ်မိုင်စခန်းဆိုတာကိုရောက်တော့မှာပါ။
ဒီနေရာမှာ ဘယ်သူမဆိုသတိထားမိစေနိုင်တဲ့အချက် နှစ်ချက်ရှိပါတယ်။ တစ်ချက်က ရာသီဥတုပါ။ နောက်တစ်ချက်က သစ်ပင်တွေပါ။

ရာသီဥတုအခြေအနေက တောင်ကွေ့တကွေ့ကို ကွေ့လိုက်တယ်ဆိုရင်ပဲ သိသိသာသာ အလင်းရောင်တွေ မှိုင်းမှိုင်းဝေသွားတာမျိုး လေကအစ ပိုပြီးတိုက်လာတာမျိုး၊ လေနဲ့နေရောင်ခြည် ထွေးလုံးရစ်ပတ်ဖြစ်ပြီး ကြစ်ကြစ်ခဲခဲဖြစ်လာတာမျိုး ဖြစ်ပါတယ်။

 

တစ်စုံတစ်ရာ အေးမြတဲ့နေရာတချို့ကို ကျနော်ရောက်ဖူးပါတယ်။ ဒါပေမယ့် ဟောဒီ တောင်ဇလပ်မြေဖြစ်တဲ့ ခေါ်နူးဇုမ်တောင်ရဲ့ အအေးက ဘယ်ဒေသကအအေးနဲ့မှမတူပါဘူး။ မခံမရပ်နိုင်လောက်အောင်အေးတဲ့ ကမ္ဘာ့မြောက်ဝန်ရိုးစွန်းတန်းနဲ့ အနီးဆုံးဖြစ်တဲ့တိုင်းပြည်တစ်ခုမှာလည်း ကျနော်နေခဲ့ဖူးပါတယ်။ ဒါပေမယ့် ခေါ်နူးဇုမ်တောင်ပေါ်က လေနဲ့အလင်းရောင်က ကျနော်ရောက်ဖူးသမျှနေရာ ဘယ်နေရာနဲ့မတူပါဘူး။ အင်မတန်ထူးခြားနေသလိုဖြစ်နေပါတယ်။

နောက်တစ်ခုက သစ်ပင်တွေပါပဲ။ ကျနော်တို့ကားကလေး ပေ(၈၀၀၀)ကျော်အမြင့်ရောက်လာတဲ့အခါ လမ်းဘေး ချိုင့်တွေထဲပေါက်ရောက်ကြတဲ့သစ်ပင်တွေက မြင်ဖူးနေကျတခြားသစ်ပင်တွေနဲ့မတူဘဲ သစ်ပင်ဒီဇိုင်းတွေ သိသိသာပြောင်းလာတာ ကားပေါ်မှာပါလာတဲ့သူအားလုံး တပြိုင်နက်တည်း သတိပြုမိကြတဲ့အထိပါပဲ။

 

အထူသဖြင့်သစ်ပင်တွေဟာတစ်ပင်လုံးနီးပါးအမည်းရောင်ဘက်ပြောင်းသွားကြတာမျိုး၊ သစ်ကိုင်းတွေက အပေါ်ကိုဆက်မတက်ကြဘဲ တဝက်တပျက်မှာတင် အောက်ကို သစ်ကိုင်းတွေ ပြန်ပြီးချိုးချသလို ကိုင်းကျနေကြတာမျိုးက အမြင်အားဖြင့် ထူးဆန်းလွန်းနေပါတယ်။ အစတုန်းက တစ်ပင်တလောက်ပဲလို့ထင်ခဲ့ပေမယ့် တောင်မကြီးနဲ့နီးလာလေလေ သစ်ပင်တွေရဲ့ဒီဇိုင်းက လူတွေမတ်တပ်ရပ် မြှောက်ထားတဲ့လက်တွေကို တံတောင်ဆစ်ကနေ အောက်ကိုပြန်ချိုးချသို တွဲလောင်းကိုယ်စီဖြစ်နေသလို မြင်ကွင်းတွေက သတိမပြုဘဲနေလို့မရအောင်ကိုပဲ မြင်ကွင်းတွေဆန်းကုန်ပါတယ်။ ကျနော့်စိတ်ထဲ ဒီနေရာကြီးဟာ မှော်ဆရာတွေနေထိုင်တဲ့ မှော်ဝင်နေရာကြီးတစ်ခုလိုများဖြစ်နေသလားလို့ တွေးဖြစ်အောင် တွေးလိုက်မိပါသေးတယ်။

တောင်ဇလပ်ပန်းကတော့ တခြားသူတော့မသိဘူး။ ကျနော်ကပန်းတွေကို တခုတ်တရ စိတ်ဝင်စားပြီးချစ်တတ်သူဖြစ်တာမို့လားမသိဘူး တောင်ဇလပ်ပန်းရဲ့သွင်ပြင်ဟာ ကျနော့်စိတ်ထဲ သေတဲ့အထိ စွဲထင်နေစေတော့မယ့် ပန်းဖြစ်လာခဲ့ပါတယ်။ ကားခဏရပ်ပြီး တောင်ဇလပ်ပန်းတွေကို ဓါတ်ပုံရိုက်ရတာ အားမရခဲ့ပါဘူး။ ကားလမ်းနဲ့ခတ်လှမ်းလှမ်း တောင်ကုန်းတွေအထိအပြေးအလွှားသွားပြီး ဓါတ်ပုံရိုက်ရပါတယ်။ခေါ်နူးဇုမ်တောင်မှာပွင့်တဲ့ တောင်ဇလပ်ပန်းကို ကျနော်ဘာပြုလို့များ နှလုံးသားထဲ စွဲထင်သွားရလောက်အောင်ဖြစ်ခဲ့တာလည်းဆိုတာ ခေါ်နူးဇုမ်တောင်က မြေပြန့်ပြန်ရောက် နှစ်လလောက်ကြာတဲ့အခါကြမှ ပိုသိလာတဲ့သဘောပါပဲ။မနေ့တနေ့ကပဲ ကဗျာဆရာ၊ ပန်းချီဆရာမလေးတစ်ယောက်က ရှမ်းပြည်ဘက်မှာသူတွေ့ထားတဲ့ တောင်ဇလပ်ပန်းဆိုပြီး ဓါတ်ပုံရိုက်ပြီး သူ့အင်တာနက်စာမျက်နှာမှာတင်ပါတယ်။ ကျနော်တွေ့ခဲ့ရတဲ့ ခေါ်နူးဇုမ်တောင်က တောင်ဇလပ်ပန်းနဲ့ လုံးဝမတူပါဘူး။ အရောင်အနုအရင့်ကအစ သိသိသာသာကြီးကို ကွဲပါတယ်။ ပန်းပုံသဏ္ဍာန်ကလည်း မတူသလောက်ပါပဲ။

ကျနော်က ခေါ်နူးဇုမ်တောင်ကအပြန် တောင်ဇလပ်ပန်းနှစ်ပွင့် ခူးလာခဲ့ပါတယ်။ မခူးရလို့ တားမြစ်ထားတာသိပေမယ့် စိတ်မထိန်းနိုင်လို့ နှစ်ပွင့်တော့ခူးပါတယ်။ အဲဒီ တောင်ဇလပ်ပန်းနှစ်ပွင့်ကို ကားနောက်ခန်း ကြောပိုးအိတ်ထဲ ပလစ်စတစ်အိတ်နဲ့ထည့် လျှို့ဝှက်ပြီးယူလာခဲ့တာပါ။ အခု နှစ်လကျော်ပါပြီ။ ကျနော်ယူလာတဲ့တောင်ဇလပ်ပန်းက အရွက်တင်မက အရွက်နဲ့အရိုးကပါ ကြေသွား ကြွေသွားတာမျိုးမဖြစ်ပါဘူး။ ပွင့်ပတ်ကအစ ခြောက်နေပေမယ့် မကြွေသွားမကြေသွားတာတွေ့ရပါတယ်။ ကျနော့်အထင် နောက်ထပ် လချီနှစ်ချီကြာတဲ့အထိ ဒီအတိုင်းရှိနေအုန်းမယ်လို့ပဲထင်မိပါတယ်။
ဒီလိုနဲ့ ဆယ်မိုင်းစခန်းကို ကျနော်တို့ရောက်လာပါတယ်။

ဆယ်မိုင်စခန်းမှာ ရှိတဲ့သစ်ပင်တွေကို ကျနော်ဓါတ်ပုံရိုက်ပါတယ်။ ထူးဆန်းတဲ့ရာသီဥတုနဲ့ ထူးခြားလွန်းတဲ့သစ်ပင်တွေကိုဓါတ်ပုံလိုက်ရိုက်ရင်းက ကျနော့်စိတ်ထဲ ငယ်စဉ်ကဖတ်ခဲ့ဖူးတဲ့ ပုံပြင်စာအုပ်တစ်အုပ်ထဲ စုန်းမကြီးဒေါ်အိုစာနေထိုင်တဲ့ တောအုပ်ကလေးထဲက သစ်ပင်တွေကို ပြန်မြင်လာမိပါတယ်။ ဟုတ်တယ်။ ခေါ်နူးဇုမ်တောင်ပေါ်က သစ်ပင်တွေဟာ လှပကြတာမှန်ပေမယ့် မှော်ဝင်နေတဲ့သစ်ပင်တွေအလား ထူးဆန်းလွန်းနေတာကတော့ အမှန်ပါပဲ။     ။

ဆက်လက်ဖတ်ရှုပါရန်….

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly