မြန်မာ့ပညာရေးကဏ္ဍအတွက် ယူရိုငွေ ၂၂၁ သန်းကို ဥရောပသမဂ္ဂမှ ထောက်ပံ့မည်

မြန်မာ့ပညာရေးကဏ္ဍအတွက် ယူရိုငွေ ၂၂၁ သန်းကို ဥရောပသမဂ္ဂမှ ထောက်ပံ့မည်

မတ် ၂၁ ။            ။ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲနိုင်ရေးနှင့် မြန်မာကျောင်းသားများ အဆင်မြင့်ပညာရေး သင်ကြားနိုင်ရန် ရည်ရွယ်ပြီး လာမည့် ၄ နှစ်အတွင်း ယူရိုငွေ ၂၂၁ သန်း (မြန်မာကျပ်ငွေ ၃၈၂ဘီလီယံကျော်)ကို ဥရောပသမဂ္ဂ မှ ထောက်ပံ့ကူညီသွားမည်ဟု သိရသည်။

၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း  အလယ်တန်း၊ အထက်တန်းပညာရေးနှင့် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာပညာရေးနှင့် လေ့ကျင့်ရေး(TVET)တို့ တိုးတက်ကောင်းမွန်လာရေး၊ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုတို့အတွက် ပညာရေးဝန်ကြီးဌာန၏ ဘဏ္ဍာငွေသို့ ယူရိုငွေ ၁၇၅ သန်း( မြန်မာကျပ်ငွေ ၃၀၀ ဘီလီယံကျော်)ကို တိုက်ရိုက်ဘဏ္ဍာအဖြစ် ဥရောပသမဂ္ဂမှ လွှဲပြောင်းထောက်ပံ့မည် ဖြစ်သည်။

ကျန်ငွေ ယူရို ၄၆ သန်း(မြန်မာကျပ်ငွေ ၈ဝဘီလီယံ)ကို အစိုးရအနေဖြင့် ဖော်ပြပါကဏ္ဍများ တိုးတက်ကောင်းမွန် လာစေရေး ဆောင်ရွက်နိုင်ရန် နည်းပညာဆိုင်ရာကျွမ်းကျင်ပညာရှင် ပံ့ပိုးနိုင်ရေးအတွက် ခွဲဝေသတ်မှတ်ထားသည်။

ယနေ့ မတ်လ ၂၁ ရက်နေ့က ဥရောပသမဂ္ဂအနေဖြင့်  မြန်မာနိုင်ငံ၏ပညာရေးကဏ္ဍအတွက် ဘဏ္ဍာငွေထောက်ပ့ံမှု အစီအစဉ် တစ်ရပ်ကို တရားဝင် စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးမှ သံအမတ်ကြီး Mr. Kristian Schmidt ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းတို့ တက်ရောက်ခဲ့ကြသည်။

"မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအရှိန်အဟုန်ကောင်းစွာ တိုးတက်မြင့်မားစေရန် ဟူသော နိုင်ငံတော်အစိုးရရည်ရွယ်ချက်မှာ ဥရောမသမဂ္ဂနှင့် တူညီပါသည်။ ပညာရေးသည် တိုင်းပြည်၏ ဒီမိုကရေစီအနာဂတ်ရေးအတွက် အကောင်းဆုံးနှင့် အလားလာရှိသော ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရသည် ပညာရေးကဏ္ဍအတွက် အသုံးစရိတ်ကို တစ်နှစ်ထက်တစ်နှစ်တိုး၍ ထောက်ပံ့ ပံ့ပိုးလျက်ရှိပါသည်။ ဥရောမသမဂ္ဂ၏ အထောက်အပံ့မှာလည်း နိုင်ငံတော်အစိုးရ၏ ပညာရေးရင်းနှီးမြုပ်နှံမှုအတွက် ထပ်လောင်းအကူအညီတစ်ရပ်ဖြစ်ပါလိမ့်မည်" ဟု ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားသည် ။

ကောင်းမွန်သော ပညာရေးစနစ်မှ အဆင့်မီလုပ်သားကောင်းများ ပေါ်ထွက်လာစေရန်နှင့် အတန်းပြီးမြောက်မှု ရာခိုင်နှုန်း များ တိုးတက်လာစေရေးတို့အတွက် ပညာရေးဝန်ကြီးဌာန၏ အလယ်တန်း၊ အထက်တန်းပညာရေးနှင့် TVET ကဏ္ဍများ၏ သင်ရိုးညွှန်းတမ်းများ၊ သင်ကြားရေး နည်းစနစ်များနှင့်  ပညာရည် စစ်ဆေးအကဲဖြတ်စနစ် စသည်တို့ကိုအဆင့်မြှင့်တင်ရေး လုပ်ငန်းများတွင်  ထောက်ပ့ံကူညီသွားမည် ဖြစ်သည်။

ပိုမိုထိရောက်သော ပညာရေး ဝန်ဆောင်မှု ပေးနိုင်ရေးအတွက်  ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုဆိုင်ရာ အရည်အသွေးပြည့်မီမှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံတာဝန်ယူမှုများ၊ ဘဏ္ဍာငွေ စိစစ်ကြပ်မတ်နည်းစနစ်များ အဆင့်မြှင့်တင်နိုင်ရန်အတွက် လည်း  ရည်မှန်းထားသည်ဟု ဥရောပသမဂ္ဂမှ သိရသည်။

"ဥရောပသမဂ္ဂ္ဂအနေဖြင့်  မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် တိုးတက် ကောင်းမွန်လာစေရေးတို့ အတွက်  ပူးပေါင်းဆောင်ရွက်တဲ့ မိတ်ဖက်ဖြစ်ရတာ အလွန် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အသိပညာ ဗဟုသုတနှင့် အတတ်ပညာ ကျွမ်းကျင်မှုတွေဟာ  ပိုမို ကောင်းမွန်တဲ့ဘဝ ပိုင်ဆိုင်နိုင်စေရန် အခွင့်အလမ်း၊  မျှော်လင့်ချက်ဖြစ်လာပြီး လူမှုအဖွဲ့အစည်း တွင် ပါဝင်ဆောင်ရွက်နိုင်လာစေရန်နှင့် အနာဂတ်ကို ပုံဖော်နိုင်စေရန် စွမ်းရည်နှင့် အမြင်ကို ပွင့်စေပါတယ်။ မြန်မာနိုင်ငံရှိ လူငယ်လူရွယ်များဟာ ၎င်းတို့ရဲ့ အနာဂတ်အလားအလာများ လွတ်လပ်စွာ ပုံဖော်ရှင်သန် ဖွံ့ဖြိုးစေနိုင်ဖို့ ပိုမိုကောင်းမွန်တဲ့ ကျောင်းများ၊ သင်တန်းကျောင်းများနှင့် ထိုက်တန်ကြောင်းလည်း  ဥရောပသမဂ္ဂအနေဖြင့် ယုံကြည်ပါတယ်" ဟု ဥရောပသမဂ္ဂ၏ သံအမတ်ကြီး Mr. Kristian Schmidt က ပြောသည်။

အဆိုပါထောက်ပံ့မှုအပြင် တိုင်းရင်းသားနယ်မြေဒေသများ၏ ပညာရေးအတွက် ယူရိုငွေ ၂၀ သန်း(မြန်မာကျပ်ငွေ ၃၅ ဘီလီယံ)ကို ထပ်မံ ပံ့ပိုးမည် ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဒေသအတွက် သင့်လျော်သောပညာရေးဆိုင်ရာ  မူဝါဒ ဆွေးနွေးနိုင်ရန်အတွက် ရည်ရွယ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly