စည်ပင်ရွေးကောက်ပွဲတွင် မဲမပေးရဘဲ အနိုင်ရရှိထားသည့် ကိုယ်စားလှယ်လောင်း ၁၃ဦးရှိနေ

စည်ပင်ရွေးကောက်ပွဲတွင် မဲမပေးရဘဲ အနိုင်ရရှိထားသည့် ကိုယ်စားလှယ်လောင်း ၁၃ဦးရှိနေ

ရန်ကုန်၊မတ် ၂၁ ။       ။ ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲတွင် မြို့နယ်အဆင့်စည်ပင်ကော်မတီဝင်နေရာ၌  ပါဝင်ယှဉ်ပြိုင် သူများအနက် ဆန္ဒမဲမပေးရဘဲ   အနိုင်ရရှိနေသည့် ကိုယ်စားလှယ်လောင်း ၁၃ဦး ရှိနေကြောင်း  စည်ပင် သာယာရေးကော်မတီရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။

"မြို့နယ်ကော်မတီဝင်အဆင့်ဆင့် ၃နေရာမှာ ကိုယ်စားလှယ်တစ်ဦးတည်းဝင်ပြိုင်တာ ၁၃ဦးရှိတယ်။သူက ပြိုင်စရာ မလိုပဲ ကိုယ်စားလှယ်ဖြစ်သွားတာပါ။ အခုချိန်မှာ ဘယ်နေရာတွေမှာဆိုတာ ပြောခွင့် မရှိဘူး။အရေ အတွက်တော့ မြို့နယ်တစ်ခုမှာ မြို့နယ် ဥက္ကဋ္ဌအနေနဲ့ ဝင်လျှောက်တာက တစ်ယောက်ပဲရှိတယ်ဆိုရင် ပြိုင်ဘက်မရှိဘူးပေါ့နော်။ တစ်ယောက်ပဲရှိတယ်။ ကျွန်တော်တို့က ဒီလူကြေငြာပေးရမယ် မဟုတ်ဘူး။ အဲဒီတစ်ယောက်တည်းကိုပဲ လုပ်ထုံးလုပ်နည်းနဲ့ အညီ မြို့နယ်ကိုယ်စားလှယ်လောင်းစိစစ်ရေးအဖွဲ့ကနေ အဆင့်ဆင့်စိစစ်ပြီးတော့ ကိုယ်စားလှယ်လောင်းတစ်ယောက်ရဲ့ အရည်ချင်းနဲ့ ပြည့်စုံပါတယ်ဆိုပြီး တင်ထားတာကို ကျွန်တော်တို့ ထိန်းသိမ်းထားပြီး ဒါကိုဒီလူ့ကို ဘယ်သူကို Object လုပ်မလဲဆိုတာ ထိုင် စောင့်နေရတာပါ "  ဟု ဦးအောင်ခိုင်က ဆိုသည်။

စည်ပင်သာယာနယ်နမိတ် ၃၃မြို့နယ်အတွင်းမှ မြို့နယ်ကော်မတီဝင်နေရာများအတွက် ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများသည် တချို့သော မြို့နယ်များတွင် ကိုယ်စားလှယ်လောင်း တစ်ဦးတည်းသာ ယှဉ်ပြိုင်သည့်အတွက် အလိုအလျှောက် အနိုင်ရရှိနေခြင်းဖြစ်သည်။

"သူတို့ကို မဲပုံးလည်း မထောင်ပေးတော့ဘူး။မဲလက်မှတ်ထဲမှာလည်း ထည့်မရိုက်ပေးတော့ဘူး။သို့သော် အနိုင်ရရှိတဲ့ သူတွေ ကြေငြာတဲ့နေ့မှာ ကျွန်တော်တို့ဆီမှာ မှတ်တမ်းရှိပါတယ်။အဲ့နေ့မှာ တစ်ခါတည်း ထည့်ကြေငြာမှာ ဖြစ်ပါတယ်" ဟု စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။

စည်ပင်သာယာနယ်နမိတ် ၃၃မြို့နယ်အတွင်းမှ မြို့နယ်ကော်မတီဝင်နေရာ ၉၉နေရာရှိနေပြီး မြို့နယ် ကော်မတီဝင် ဥက္ကဋ္ဌနေရာအတွက် ပါဝင်ယှဉ်ပြိုင်သူ ၉၉ဦး၊မြို့နယ်ကော်မတီဝင် အဖွဲ့ဝင် (၁)အတွက် ပါဝင်ယှဉ်ပြိုင်သူ (၇၄)ဦး၊အဖွဲ့(၂)နေရာ အတွက် ပါဝင်ယှဉ်ပြိုင်သူ (၇၂)ဦး ရှိသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲကို လာမည့် မတ်လ ၃၁ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ကိုယ်စား လှယ်လောင်း စုစုပေါင်း (၂၇၂) ဦးက ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကာ မဲဆန္ဒရှင် ၃ဒသမ ၄သန်းကျော် မဲပေးခွင့်ရှိနေသည်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required