ONE: A New Era ပြိုင်ပွဲမှ စိတ်ဝင်စားဖွယ် အကောင်းဆုံး ပွဲစဉ် ၄ ပွဲ

ONE: A New Era ပြိုင်ပွဲမှ စိတ်ဝင်စားဖွယ် အကောင်းဆုံး ပွဲစဉ် ၄ ပွဲ

ဂျပန်နိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်မည့်ONE Championship ပြိုင်ပွဲကြီးကို လာမည့် မတ် ၃၁ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။ ONE: A New Era ဟု အမည်ပေး ထားသည့် အဆိုပါ ပြိုင်ပွဲကြီးတွင် ချန်ပီယံ စိန်ခေါ်ပွဲ ၄ ပွဲအထိ ပါဝင်မည်ဖြစ်ရာ ONE Championship သမိုင်းတစ်လျှောက် အခမ်းနားဆုံး ပြိုင်ပွဲတစ်ခု ဖြစ်လာမည် ဖြစ်သည်။ ထို့ပြင် ယမန်နှစ်နှောင်းပိုင်းက ONE Championship သို့ စတင်ရောက်ရှိလာသည့် UFC နှင့် Bellator MMA လိုက်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံဟောင်း Eddie “The Underground King” Alvarez နှင့် UFဖလိုင်းဝိတ်တန်ကမ္ဘာ့ချန်ပီယံဟောင်း Demetrious  “Mighty Mouse” Johnson တို့၏ ပွဲဦးထွက် ပွဲစဉ်များကို  ကြည့်ရှု ကြရမည် ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် စိတ်ဝင်စားဖွယ် အကောင်းဆုံး ပွဲစဉ်များ ဖြစ်သည့် ချန်ပီယံ စိန်ခေါ်ပွဲ ၄ ပွဲ အကြောင်းကို သုံးသပ် ဖော်ပြလိုက်ရပါသည်။

Eduard Folayang နှင့် Shinya Aoki (ချန်ပီယံဟောင်း၏ တစ်ကျော့ပြန် ကလဲ့စား) ONE Championship ၏ လက်ရှိ လိုက်ဝိတ်တန်း ချန်ပီယံဖြစ်သူ ဖိလစ်ပိုင်နိုင်ငံသား Eduard “Landslide” Folayang နှင့် စိန်ခေါ်သူ အိမ်ရှင်ဂျပန် နိုင်ငံသား Shinya “Tōbikan Jūdan” Aoki တို့အကြား မမေ့နိုင်ဖွယ်ရာ ထိပ်တိုက် တွေ့ဆုံမှုတစ်ခု ရှိခဲ့ဖူးသည်။ အဆိုပါ တွေ့ဆုံမှုမှာ ၂၀၁၆ နိုဝင်ဘာက ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် ONE:Defending Honor ပြိုင်ပွဲကြီးဖြစ်သည်။ ထိုစဉ်က ယခု အခြေအနေနှင့် ပြောင်းပြန် Aoki သည် လိုက်ဝိတ်တန်း ချန်ပီယံ ဖြစ်ကာ Folayang က စိန်ခေါ်သူ ဖြစ်ခဲ့သည်။ ဂျူဂျစ်ဆု ခါးပတ်နက် ဖြစ်သူ Aoki သည် ဝူရှူး ခါးပတ်နက် Folayang ကို မြေပြင်ချုပ်ကွက်ဖြင့် အနိုင်ယူရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ တတိယ အချီထိ ရောက်လာခဲ့သည်။ ယင်းအချီတွင် Aoki က မတော်တဆ အမှားလုပ်မိပြီး ကြိုးဝိုင်းထောင့်တွင် လဲကျသွားခဲ့သည်။ Folayang က ထိုအခွင့်အရေးကို အမိအရအသုံးချပြီး လက်သီးချက်များ မနားတမ်းပစ်သွင်းကာ ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ကာ ချန်ပီယံ ခါးပတ်ကို လုယူနိုင်ခဲ့သည်။

ယင်းပွဲအပြီး ၂ နှစ်ကျော်အကြာ ယခုပွဲစဉ်တွင် ၎င်းတို့နှစ်ဦး မကျေပွဲပြန်နွှဲရန် အခွင့်အရေး ရလာခဲ့ခြင်းဖြစ်သည်။ ယခု တစ်ကြိမ် တွင်တော့ Folayang က လိုက်ဝိတ်တန်းတွင် ဒုတိယအကြိမ် ချန်ပီယံ ဖြစ်ထားသဖြင့် ချန်ပီယံခါးပတ်ကို ကာကွယ်သူအဖြစ် ထိုးသတ်ရမည် ဖြစ်သည်။

Folayang သည် ပထမတစ်ကြိမ် Aoki ကို အနိုင်ယူပြီးနောက် Martin Nguyen ကို ရှုံးနိမ့်သဖြင့် သိမ်းပိုက်ထားသည့် ချန်ပီယံခါးပတ်အား လွှဲပြောင်းပေးခဲ့ရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလတွင်မှ Martin Nguyen အနားယူသွားသဖြင့် ပိုင်ရှင်မဲ့နေသော ချန်ပီယံခါးပတ်ကို Amir Khan နှင့် အပြိုင်လုကာ အနိုင်ရသိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ အတွေ့အကြုံရင့်ကျက်သော ထိပ်တန်း ကစားသမားနှစ်ဦး၏ ဒုတိယအကြိမ် ထိပ်တိုက်တွေ့ဆုံမှုကြောင့် ONE: A New Era ပြိုင်ပွဲကြီး၏ စိတ်ဝင်စားဖွယ် အကောင်းဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်လာမည်ကို သံသယ ဖြစ်စရာ မရှိပေ။

Xiong Jing Nan နှင့် Angela Lee (ရှုံးပွဲမရှိသည့် ကျားမလေး နှစ်ဦး ထိပ်တိုက်တွေ့မှု)

ONE Championship ၏ လက်ရှိအမျိုးသမီး စတောဝိတ်တန်း ချန်ပီယံဖြစ်သူ တရုတ်နိုင်ငံသူ Xiong “The Panda” Jing Nam ကို လက်ရှိ အမျိုးသမီး အက်တမ်ဝိတ်တန်း ချန်ပီယံ စင်္ကာပူနိုင်ငံသူ Angela “Unstoppable” Lee က ဝိတ်တန်းတစ်ဆင့်တက်ပြီး စိန်ခေါ်သည့်  ပွဲစဉ်ဖြစ်သည်။ အကယ်၍ စိန်ခေါ်သူ Lee ကသာ အနိုင်ရသွားလျှင် ONE Championship ၏ ဝိတ််တန်း ၂ခု၏ ချန်ပီယံဆုကို သိမ်းပိုက်နိုင်သော ပထမဦးဆုံး အမျိုးသမီး ကစားသမားဖြစ်လာမည် ဖြစ်သည်။

ယင်းပွဲစဉ်ကို ပြီးခဲ့သည့် ၂၀၁၈ နိုဝင်ဘာလကတည်းက ONE: Heart of the Lion ပြိုင်ပွဲကြီးတွင် ထည့်သွင်းကျင်းပရန်စီစဉ်ခဲ့သော်လည်း Lee ၏ ကျောဒဏ်ရာကြောင့် နောက်ဆုတ်ရွှေ့ဆိုင်းခဲ့ရသည်။ ယခု တစ်ကြိမ်တွင်မှ ဝိတ်တန်း၂ ခု၏ ချန်ပီယံ နှစ်ဦး ပထမဆုံး ထိပ်တိုက်တွေ့မှုကို တွေ့မြင်ကြရမည် ဖြစ်သည်။

Xiong သည် ၂၀၁၈ ဇန်နဝါရီက Tiffany Teo ကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရကာ စတောဝိတ်တန်း ချန်ပီယံ ဖြစ်လာခဲ့ပြီး ONE Championship တွင် ရှုံးပွဲလုံးဝ မရှိသေးသူ ဖြစ်သည်။ ၎င်း၏ ပြိုင်ဘက် Lee မှာလည်း ၂၀၁၆ က ဂျပန် နိုင်ငံသူ Mei Yamaguchi ကို အနိုင်ရပြီး အက်တမ်ဝိတ်တန်း ချန်ပီယံဆုကိုသိမ်းပိုက်နိုင်ခဲ့သူ ဖြစ်သည်။ Lee သည် အသက် ၁၉ နှစ်နှင့် ၃၀၃ ရက်ဖြင့် ကမ္ဘာ့ အငယ်ဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကမ္ဘာ့ချန်ပီယံ ဖြစ်လာသောကြောင့် ဂင်းနစ်မှတ်တမ်း စာအုပ်တွင်ပင် ထည့်သွင်းဖော်ပြခံခဲ့ရသည်။ Lee သည်လည်း ONE Championship တွင် ပွဲတိုင်းနိုင်ထားသူ ဖြစ်သဖြင့် ရှုံးပွဲမရှိသည့် ချန်ပီယံနှစ်ယောက် ထိပ်တိုက်တွေ့ဆုံသည့်ပွဲ ဖြစ်လာသည်။ တရုတ်လက်ရွေးစင် လက်ဝှေ့ကစားသမားဟောင်းနှင့် တရုတ်အိုးပင်း ဂျူဂျစ်ဆုပြိုင်ပွဲ ချန်ပီယံ ဖြစ်ခဲ့ဖူးသူ ဝါရင့် အားကစားမယ် Xiong ကို ကိုယ်ခံပညာ ကစားသမားမျိုးရိုးမှ ဆင်းသက်လာသည့် လူငယ်ခြေတက် Lee မည်သို့ ရင်ဆိုင်မည် ဆိုသည်ကား စိတ်ဝင်စားဖွယ် ကောင်းလှသည်။

Aung La N Sang နှင့် Ken Hasegawa (တစ်နှစ်တာ အကောင်းဆုံးပွဲ ထပ်ဖြစ်ဦးမည်လား)

ONE Championship ၏ လက်ရှိ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ် နှစ်ခုကို သိမ်းပိုက်ထားသည့် တစ်ဦးတည်းသော ကစားသမား မြန်မာနိုင်ငံသား
မြန်မာ့စပါးအုံး အောင်လအန်ဆန်ကို  DEEP ပြိုင်ပွဲ၏ အိုးပင်းဝိတ် ချန်ပီယံဟောင်း အိမ်ရှင် ဂျပန်ကစားသမား Ken Hasegawa က စိန်ခေါ်သည့် ပွဲစဉ်ဖြစ်သည်။ ၎င်းတို့ နှစ်ဦးသည် ပြီးခဲ့သည့် ၂၀၁၈ ဇွန်လက မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ONE: Spirit of a Warrior ပြိုင်ပွဲကြီးတွင် တစ်ကြိမ် ယှဉ်ပြိုင်ခဲ့ဖူးပြီး ထိုစဉ်က ငါးချီလုံးလုံး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရသည်။ ပဥ္စမအချီသို့ ရောက်မှ အောင်လအန်ဆန်၏ အားပါသည့် လက်သီးချက်ကြောင့် Hasegawa အလဲထိုး ခံရပြီး ပွဲသိမ်းခဲ့ခြင်း ဖြစ်သည်။ ယင်းပွဲစဉ်သည် ONE Championship ပြိုင်ပွဲ သမိုင်းတစ်လျှောက် အကောင်းဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့သလို ၂၀၁၈ ၏ အကောင်းဆုံးပွဲစဉ် အဖြစ်လည်း ရွေးချယ်ခံခဲ့ရသည်။

မြေပြင်ချုပ်ကွက် အစွမ်းထက်သဖြင့် မြန်မာစပါးအုံးဟု တင်စားခေါ်ကြသည့် အောင်လအန်ဆန်သည် ဝိတ်တန်းနှစ်ခု ချန်ပီယံအဖြစ် ကြာရှည်စွာ ရပ်တည်ရန် မလွယ်ကူသဖြင့် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံဆုကို လက်လွှတ်တော့မည်ဟု ကြေညာထားသူ ဖြစ်သည်။ ထို့ကြောင့် ၎င်းအဓိကထားသည့် မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုကို ဆက်လက် ထိန်းသိမ်းနိုင်ရန် ယခုပွဲကို မီးကုန်ယမ်းကုန် ယှဉ်ပြိုင်မည် ဖြစ်သည်။ ဂျပန်၏ DEEP ကိုယ်ခံပညာသိုင်းပေါင်းစုံ ပြိုင်ပွဲတွင် အောင်မြင်မှုများ ရယူခဲ့သူ ဂျူဒို ခါးပတ်နက်ရ Hasegawa မှာလည်း ၎င်း၏ ONE Championship ပွဲဦးထွက်တွင် ရှုံးပွဲတွေ့စေခဲ့သူ အောင်လန်အန်ဆန်ကို အိမ်ရှင်ပရိသတ်အားဖြင့် လက်စားချေနိုင်ရန် ကြိုးပမ်းမည်ဖြစ်ရာ စိတ်ဝင်စားဖွယ် အကောင်းဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်လာသည်။

Kevin Belingon နှင့် Bibiano Fernandes (အဆုံးအဖြတ် ဖြစ်လာမည့် တတိယမြောက် ထိပ်တိုက်တွေ့မှု)

ONE Championship ၏ လက်ရှိ ဘန်တန်ဝိတ်တန်း ချန်ပီယံဖြစ်သူ ဖိလစ်ပိုင် နိုင်ငံသား Kevin “The Silencer” Belingon နှင့် စိန်ခေါ်သူ ဘရာဇီးလ်
 နိုင်ငံသား Bibiano  “The Flash” Fernandes တို့သည် တစ်ကြိမ်မက ထိပ်တိုက်တွေ့ခဲ့ဖူးသူများ  ဖြစ်ကြသည်။ ၎င်းတို့နှစ်ဦး ပထမဆုံး တွေ့ဆုံခဲ့သည့်ပွဲက ၂၀၁၆ ဇန်နဝါရီတွင် ကျင်းပသော ONE: Dynasty of Champions ပြိုင်ပွဲကြီးဖြစ်သည်။ ထိုစဉ်က  Bibiano သည် ဘန်တန်ဝိတ်တန်း၏ ချန်ပီယံဖြစ်ပြီး Belingon က စိန်ခေါ်သူ ဖြစ်သည်။ ယင်းပွဲ၌ Bibiano က ပထမ အချီတွင်ပင် မြေပြင်ချုပ်ကွက်ဖြင့် Belingonကို အနိုင်ယူကာ ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့သည်။

၎င်းတို့ နှစ်ဦး၏ ဒုတိယအကြိမ် တွေ့ဆုံမှုမှာ ၂၀၁၈ နိုဝင်ဘာက ကျင်းပသော ONE: Heart of the Lion ပြိုင်ပွဲကြီးတွင် ဖြစ်သည်။ ထိုပွဲစဉ်တွင်တော့ ငါးချီလုံးလုံး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး Belingon က ဒိုင်ဆုံးဖြတ်ချက်ဖြင့် အမှတ် အသာရကာ တစ်လှည့် အနိုင်ရခဲ့သဖြင့် Bibiano ထံမှ ချန်ပီယံဆုကို လွှဲပြောင်း ရယူနိုင်ခဲ့သည်။ အဆိုပါပွဲ ရှုံးနိမ့်ခဲ့သော်လည်း Bibiano သည် ONE Championship ၏ ချန်ပီယံခါးပတ် တစ်ခုကို  အကြာဆုံး ထိန်းသိမ်းထားနိုင်သူဆိုသည့် ဂုဏ်ပုဒ်အား ထိန်းထားနိုင်ဆဲဖြစ်ပြီး ၎င်း၏  ရက်ပေါင်း ၁၈၄၈ ရက် စံချိန်ကို ယခုအချိန်ထိ ချိုးဖျက်နိုင်သူ မရှိသေးပေ။ ထိုသို့ ကာလ ကြာရှည်စွာ ထိန်းသိမ်းထားခဲ့သည့် ခါးပတ်ကို လုယူသွားသည့် Belingon အား Bibiano အနေဖြင့် လေးလအကြာတွင်ပင် မကျေပွဲ ပြန်နွှဲခွင့်ရခြင်းလည်း ဖြစ်သည်။

တစ်ယောက် တစ်ပွဲစီ နိုင်ပွဲရထားသည့် ကစားသမား နှစ်ဦးသည် ယခုပွဲစဉ်ကို တတိယမြောက် အဆုံးအဖြတ်ပွဲအဖြစ် သဘောထားကာ အကြိတ်အနယ် ယှဉ်ပြိုင် ထိုးသတ်ကြမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly