အပ်နှံငွေ ကျပ်သိန်း ၁၀၀၀ ကျော်ကို အလွဲသုံးစားပြုသည့် ဘဏ်ဝန်ထမ်း ၂ ဦးကို အမှုဖွင့်

အပ်နှံငွေ ကျပ်သိန်း ၁၀၀၀ ကျော်ကို အလွဲသုံးစားပြုသည့် ဘဏ်ဝန်ထမ်း ၂ ဦးကို အမှုဖွင့်

ပခုက္ကူ၊ မတ် ၂၁ ။   ။ ပခုက္ကူ စီဘီဘဏ်တွင် ငွေလာရောက်အပ်နှံသူများ၏ ကျပ်ငွေ သိန်း ၁ဝဝဝကျော်အား အလွဲသုံးစားပြုလုပ်ကာ ထုတ်ယူသုံးစွဲခဲ့သည့် ဘဏ်လက်ထောက်ကြီးကြပ်ရေးမှူးနှင့် ယာဉ်မောင်းတစ်ဦးတို့အား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

"ပခုက္ကူ CB ဘဏ် မန်နေဂျာက တရားလို လုပ်ပြီး အမှုဖွင့်ထားတယ်။ ရာဇသတ်ကြီးပုဒ်မ ၄၀၉ နဲ့ အမှုဖွင့် ထားတာပါ" ဟု ပခုက္ကူမြို့မရဲစခန်းတာဝန်ရှိသူက ပြောသည်။

ဖြစ်စဉ်မှာ ဘဏ်တွင် လာရောက်ငွေအပ်နှံသူ ၅ ဦးက ငွေများ ပြန်လည်ထုတ်ယူရာတွင် ငွေကြေးများ ကွာဟနေသဖြင့် ပြန်လည်စီစစ်ရာမှ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ဘဏ်မှ ပြန်လည်စစ်ဆေးရာ ဘဏ်တွင် တာဝန်ထမ်းဆောင်နေသည့် ဘဏ်လက်ထောက်ကြီးကြပ်ရေးမှူးနှင့် ဘဏ်၏ ယာဉ်မောင်းတို့မှ ငွေအပ်နှံသူ ကာယကံရှင်များ လက်မှတ်အလွတ် ထိုးပေးထားသည့် ငွေထုတ်လွှာများကို အသုံးပြု၍ ကိုယ်ကျိုးအတွက် ထုတ်ယူသုံးစွဲခဲ့ခြင်းကို စီစစ်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။

လက်ရှိအချိန်တွင် အဆိုပါ ဘဏ်ဝန်ထမ်း ၂ ဦးကို ပခုက္ကူမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး မတ် ၁၉ ရက်နေ့က အမှုဖွင့်အရေးယူထားခြင်း ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly