အီဒိုင်းမုန်တိုင်းဒဏ်သင့်ရာ အာဖရိကတောင်ပိုင်းဆီ အကူအညီများ ပေးနိုင်ရေး ကြိုးပမ်းလျက်ရှိ

အီဒိုင်းမုန်တိုင်းဒဏ်သင့်ရာ အာဖရိကတောင်ပိုင်းဆီ အကူအညီများ ပေးနိုင်ရေး ကြိုးပမ်းလျက်ရှိ

ဘိုင်ရာ၊ မတ် ၂၁ ။      ။ အာဖရိကတောင်ပိုင်းမှာ ဆယ််စုနှစ်တွေအတွင်း အပြင်းထန်ဆုံး အီဒိုင်းဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ခဲ့တဲ့ မိုဇမ်ဘစ်၊ ဇင်ဘာဘွေနဲ့ မာလာဝီနိုင်ငံတွေက ဒုက္ခသည်ပြည်သူတွေအတွက် လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားရေးအကူအညီတွေ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အကူအညီပေးရေး ဝန်ထမ်းတွေဟာ မတ် ၂၀ ရက်မှာ ကြိုးပမ်းလျက် ရှိနေပါတယ်။

ဆင်းရဲတဲ့ ဒီသုံးနိုင်ငံမှာ အီဒိုင်းမုန်တိုင်း ဖြတ်သန်းတိုက်ခတ်သွားပြီးနောက် ဒီကနေ့ ခြောက်ရက်မြောက်နေ့မှာဆိုရင် သေဆုံးသူဦးရေဟာ ၃၀၀ ကျော်ထက်မနည်း ရှိနေပြီး ထောင်သောင်းများစွာသော အသက်အိုးအိမ်စည်းစိမ်တွေလည်း မုန်တိုင်းဘေးသင့်လျက် ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၅ ရက် အစောပိုင်းမှာ မုန်တိုင်းစဝင်ခဲ့ရာ မိုဇမ်ဘစ်နိုင်ငံဟာဆိုရင် မုန်တိုင်းဘေးဒဏ်ကို ခါးစည်းခံနေရပါတယ်။ ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားရေး လေကြောင်းဝန်ဆောင်မှုက ရဟတ်ယာဉ်တွေဟာ မုန်တိုင်းကြောင့် အပျက်အစီး ကြီးမားခဲ့ရာ ဘိုင်ရာမြို့ဆီ ရောက်ရှိလို့ နေပါပြီ။

“ကျွန်မတို့တွေ ပြည်သူထောင်ပေါင်းများစွာကို တွေ့မြင်နေရတယ်။ ရေကြီးရေလွှမ််းမှုတွေကြောင့် အိမ်ခေါင်မိုးတွေ၊ သစ်ပင်တွေပေါ်မှာ နေနေရတဲ့ ပြည်သူတွေ ထောင်ပေါင်းများစွာ ရှိနေတယ်။ သူတို့ခမျာ ကယ်ဆယ်ရေးကို စောင့်ဆိုင်းနေကြတာ သုံးရက်ထက်မနည်း ရှိနေပြီ။”လို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ပြောခွင့်ရ အမျိုးသမီး ကာရိုလိုင်းက ဆိုပါတယ်။

“မနေ့ကတော့ သစ်ပင်တွေ၊ အိမ်ခေါင်းမိုးတွေပေါ်က လူ ၁၆၇ ဦးကို ကျွန်မတို့ ကယ်တင်ပေးနိုင်ခဲ့တယ်။ ဒီကနေ့လည်း ကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။”ဆိုပြီး ဆက်လက်ပြောပါတယ်။

မိုဇမ်ဘစ်သမ္မတ ဖိလစ်ပီညူစီးက နောက်ဆုံးရ ကိန်းဂဏန််းတွေအရ သေဆုံးသူ ၂၀၂ ဦးရှိပြီး ဘေးအန္တရာယ်အတွင်း ရှိနေတဲ့ ပြည်သူ သုံးသိန်းခွဲနီးပါး ရှိတယ်လို့ အင်္ဂါနေ့က ကြေညာပါတယ်။

ဇင်ဘွာဘွေနိုင်ငံမှာက ဗုဒ္ဓဟူးနေ့အထိ သေဆုံးသူ ၁၀၀ ရှိထားပေမယ့် ၃၀၀ အထိ သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့ ခန့်မှန်းထားရပါတယ်။

မာလာဝီနိုင်ငံမှာတော့ လူတစ်သန်းနီးပါး မုန်တိုင်းဒဏ်သင့်ပြီး ရှစ်သောင်းကျော်ထက်မနည်းဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly