မကွေး၊ မြို့သစ်မြို့နယ်တွင် လူသတ်၊ အလောင်းဖျောက်ဖျက်မှု ဖြစ်ပွား

မကွေး၊ မြို့သစ်မြို့နယ်တွင် လူသတ်၊ အလောင်းဖျောက်ဖျက်မှု ဖြစ်ပွား

မကွေး၊ မတ် ၂၁ ။             ။ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မြှုပ်နှံထားသော လူသေအလောင်း တစ်လောင်း တွေ့ရှိရာမှ သေသူ၏ မိသားစုဝင်များက ကျူးလွန်ခဲ့သော လူသတ်အလောင်းဖျောက်မှု ပေါ်ပေါက်ခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့၊ ညနေ ၆ နာရီခွဲ အချိန်ခန့်တွင် မြို့သစ်မြို့နယ် ရွှေပန်းကျေးရွာအနီး (၃)ဖာလုံ ခန့်အကွာ စတုံချောင်းအတွင်း သဲမြေဖြင့် မြှုပ်ထားသော လူသေအလောင်းတစ်လောင်း တွေ့ရှိခဲ့သောကြောင့် ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးခဲ့ရာ မတ်လ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု ရွှေပန်းနယ်မြေရဲကင်းမှ စုံစမ်း သိရှိခဲ့သည်။

ဖြစ်စဉ်မှာ ရွှေပန်းကျေးရွာနေ မတ်လ ၁၆ ရက်နေ့၊ ည ၁၀ နာရီခွဲ အချိန်ခန့်တွင် ဦးသောင်းမွှေး ( သေသူ၊ အသက် ၅၃ နှစ်) နှင့် ဇနီးဖြစ်သူ ဒေါ်မြကြည်( အသက် ၅၂ နှစ်)တို့ စကားများရန်ဖြစ်ရာမှ ဦးသောင်းမွှေးက  ဓါးမြှောင်ဖြင့် ထိုးခဲ့သောကြောင့် ဒေါ်မြကြည်က ပြန်လည်လုယူပြီး ဝဲဘက်လည်ပင်းအား ထိုးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်အချိန်တွင် သမီးငယ်ဖြစ်သူ မဇင်မာဝေ နှင့်သမီးကြီးဖြစ်သူ မဝေဝေခိုင်၏ ခင်ပွန်းဟောင်း ဘိုလွန်း ဆိုသူတို့သည် ရှိနေပြီး  ဓါးဒဏ်ရာဖြင့် လဲနေသော ဦးသောင်းမွှေးအား ဒေါ်မြကြည်၊ဘိုလွန်းနှင့်မဇင်မာဝေတို့ ၃ ဦးက လှည်းဖြင့်တင်ဆောင်၍ စတုံချောင်းအနီး ခေါ်ယူလာခဲ့သည်။

ထို့နောက် ဒဏ်ရာရထားသော ဦးသောင်းမွှေး၏ ဦးခေါင်းနောက်စေ့အား လှည်းပေါ်တွင် အသင့်ပါလာသော အလျား ၁၈ လက်မ၊ လုံးပတ် ၆ လက်မခန့်ရှိသော ဝါးဆစ်ပိတ်တုတ်ဖြင့် ဒေါ်မြကြည်နှင့်ဘိုလွန်းတို့က ၁ ချက်စီ ရိုက်နှက်ခဲ့သောကြောင့် ဦးသောင်းမွှေးမှာ သေဆုံးသွားခဲ့သည်။

၎င်းဝါးဆစ်ပိတ်တုတ်အား ယင်းနေရာတွင် စွန့်ပစ်ထားခဲ့ပြီး ဦးသောင်းမွှေးအလောင်းအား လှည်းပေါ်သို့ ပြန်တင်ကာ စတုံချောင်းမြောက်ဘက် ကိုက်၂၀၀ ခန့်အကွာရှိ ကျောက်တစ်လုံးရေအိုင်သို့ ဆက်လက် လှည်းမောင်းသွားခဲ့ကာ သဲမြေတွင် မြေမြှုပ်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်း ဖြစ်စဉ်နှင့်ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်တင့်၊ ဒန့်ဒလွင်ပင်နယ်မြေရဲစခန်းမှူး ရဲအုပ် အောင်တင်၊ ရွှေပန်းရဲကင်းမှူး ဒုရဲအုပ်စည်သူအောင်နှင့်တပ်ဖွဲ့ဝင်များက သက်သေခံပစ္စည်းများအား ရှာဖွေသိမ်းဆည်းခဲ့သည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူ ဒေါ်မြကြည်၊ ဘိုလွန်း၊ မဇင်မာဝေတို့အား ဒန့်ဒလွင်ပင်ရဲစခန်း(ပ)၉/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ ဖြင့် အမှုရေးဖွင့် အရေးယူဆောင်ရွက်ထားရှိပြီး အမှုအား ရဲအုပ်အောင်တင်က ဆက်လက်စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly