မိုဇမ်ဘစ်နဲ့ ဇင်ဘာဘွေမှာ ဆိုင်ကလုန်းမုန်တိုင်း တိုက်ပြီးနောက် သေဆုံးသူ ၃၀၀ ကျော်ထိရှိလာ

မိုဇမ်ဘစ်နဲ့ ဇင်ဘာဘွေမှာ ဆိုင်ကလုန်းမုန်တိုင်း တိုက်ပြီးနောက် သေဆုံးသူ ၃၀၀ ကျော်ထိရှိလာ

မတ် ၂၁ ။            ။ မိုဇမ်ဘစ်နဲ့ ဇင်ဘာဘွေ နိုင်ငံတို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အားပြင်း အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း Idai ဝင်တိုက်ခတ်ခဲ့ပြီးနောက် ယခုအခါ တရားဝင် ကိန်းဂဏာန်းတွေအရ သေဆုံးသူဦးရေဟာ ၃၀၀ ကျော်ထိ မြင့်တက်လာခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာ မုန်တိုင်းဝင်ပြီး အသက်ရှင်ကျန်ရစ်နိုင်သူတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေးသမားတွေ အသည်းအသန်း ကြိုးပမ်းနေရဆဲဖြစ်သလို ယင်း မုန်တိုင်းဒဏ်ခံ နိုင်ငံတွေထံ ကုလသမဂ္ဂက ဦးဆောင်ပြီး အကူအညီတွေ ဖြန့်ဝေပေးနေရပါတယ်။

“ ကျွန်တော်တို့ဆီမှာ လူ ၂၀၀ ကျော်လောက် သေဆုံးခဲ့ရပြီးပါပြီ”  လို့ မိုဇမ်ဘစ် သမ္မတ ဖိလစ်ပီ ယူစီက ကြေညာပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ဇင်ဘာဘွေ အစိုးရကလည်း ၎င်းတို့နိုင်ငံမှာ မုန်တိုင်းကြောင့် လူ ၁၀၀ လောက် သေဆုံးခဲ့ရကြောင်း၊ ယင်း သေဆုံးသူဦးရေဟာ နောက်ထပ် သုံးဆလောက် ထပ်တိုးလာနိုင်သေးကြောင်း ထုတ်ဖော်သွားခဲ့ပါတယ်။

ဒါဟာ ဆယ်စုနှစ်များစွာအတွင်း အာဖရိကဒေသဆီ ဝင်ရောက်တိုက်ခတ်တဲ့ အဆိုးရွားဆုံး မုန်တိုင်းလည်း ဖြစ်လာခဲ့ပါတယ်။

မတ်လ ၁၄ ရက်က ဝင်တိုက်ခတ်ခဲ့တဲ့ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် အထက်ပါနိုင်ငံနှစ်နိုင်ငံမှာတော့ ပျက်စီးဆုံးရှုံးမှု အလွန်ကြီးမားခဲ့တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly