၂၀၁၈-၁၉ ခုနှစ် ဖူဆယ်လိဂ်နောက်ဆုံးပြိုင်ပွဲတွင် MIC အသင်း ချန်ပီယံဖလား ရရှိ

၂၀၁၈-၁၉ ခုနှစ် ဖူဆယ်လိဂ်နောက်ဆုံးပြိုင်ပွဲတွင် MIC အသင်း ချန်ပီယံဖလား ရရှိ
ဓာတ်ပုံ-ထွန်းထွန်းဝင်း

ရန်ကုန်၊ မတ် ၂၀ ။      ။ ၂၀၁၈-၁၉ ခုနှစ် ၏ ဖူဆယ်လိဂ် နောက်ဆုံးပြိုင်ပွဲ တွင် အမှတ်ပေးဇယားထိပ်ဆုံးမှ MIC အသင်းနှင့် ဒုတိယနေရာမှ VUC အသင်းတို့ ချန်ပီယံအဆုံးအဖြတ်ဖြင့် ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ  VUC အသင်းမှ သွင်းဂိုး ၂ ဂိုး၊ MIC အသင်းမှ သွင်းဂိုး ၁ ဖြင့် ပွဲပြီးဆုံးခဲ့ပြီး ထိပ်တိုက်တွေ့ဆုံမှု စည်းမျဉ်းအရ MIC  အသင်း ချန်ပီယံဆုဖလား ကိုင်မြှောက်ခွင့် ရရှိခဲ့သည်။

ပထမအကျော့တွင် MIC အသင်းမှ သွင်းဂိုး ၃ ဂိုး VUC အသင်းမှ သွင်းဂိုး ၁ ဂိုးဖြင့် ပွဲပြီးဆုံးခဲ့ပြီး ထိပ်တိုက်တွေဆုံမှုဖြင့် MIC အသင်းမှ သွင်းဂိုး ၄ ဂိုး ၊ VUC အသင်းမှ သွင်းဂိုး ၃ ဂိုး ဖြင့်  ရလဒ်ထွက်ပေါ်ခဲ့မှုကိုဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

MIC အသင်းနှင့် VUC အသင်းတို့ယှဉ်ပြိုင်ကစားသည့် ပထမပိုင်းတွင် နှစ်ဖက်အသင်းများ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကာ နှစ်ဖက်ကစားသမားများ ဂိုးပေါက်ချိန်းခြောက်မှုများ ရှိခဲ့သည်။

ပထမပိုင်း ပွဲပြီးခါနီး ၁၃ မိနစ်အရောက်တွင် VUC အသင်းမှ ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပြီး MIC အသင်း အနေဖြင့် ကစားကွက်ပုံစံ ပြန်ချိန်းခဲ့ပြီး VUC အသင်းကို ဆက်လက်ဖိအားပေးကစားခဲ့ကာ ပွဲပြီးခါနီး ၂ မိနစ်အလိုတွင် MIC အသင်းမှ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ပြီး ဒုတိယပိုင်းကိုု ယှဉ်ပြိုင်ကစားရာ ဒုတိယပိုင်း စစချင်းတွင် VUC အသင်းမှ ဒုတိယဂိုး ထပ်မံ သွင်းယူခဲ့ပြီး အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့သည်။

ပွဲပြီးခါနီး  ၁၁ မိနစ်အရောက်တွင် ယှဉ်ပြိုင်ကစားသည့် ကစားသမား နှစ်ဦးလုံး ကြမ်းတမ်းသည့်အတွက် ဒိုင်လူကြီးက အဝါကဒ်  ပြသခဲ့ရသည်။

ပွဲပြီးဆုံးချိန်ထိ နှစ်ဖက်အသင်းမှ အကြိတ်အနယိ ယှဉ်ပြိုင်ကစားခဲ့ပြီး ထိပ်တိုက်တွေ့ဆုံမှုစည်းမျဉ်းအရ MIC အသင်းမှ ဗိုလ်စွဲခဲ့သည်။

နောက်ဆုံး ပွဲစဉ်ဖြစ်သည့် VUC အသင်းနှင့် MIC အသင်းတို့ပွဲစဉ်တွင် VUC အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ပွဲစဉ် ပထမအကျော့တွင် MIC အသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရရှိထားပြီး ဒုတိယအကျော့မှာ VUC အသင်းက ၂-၁ ဂိုးဖြင့် ပြန်လည်အနိုင်ရခဲ့ခြင်းဖြစ်သောကြောင့် (H to H )စည်းမျဉ်းအရ MIC အသင်း ချန်ပီယံဖြစ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၈-၁၉ ဖူဆယ်လိဂ်ရာသီ ပြီးဆုံးချိန်တွင် အကောင်းဆုံးကစားကို VUC အသင်းမှ ကစားသမား ငြိမ်းမင်းစိုးက ရရှိခဲ့ပြီး အကောင်းဆုံး  ဂိုးသမားဆုကို MIC အသင်းမှ ကောင်းထက်အောင်၊ အသန့်ရှင်းဆုံးဆုကို မြို့မ YTD တို့မှ ရရှိခဲ့သည်။

ပထမဆုအဖြစ် MIC အသင်းကို ကျပ်သိန်း ၁၀၀ နှင့် ဆုတံဆိပ် တို့ကို ပေးအပ်ခဲ့ပြီး ဒုတိယအဖြစ် VUC အသင်းမှ ကျပ် ၇၅ သိန်း နှင့် ဆုတံဆိပ်၊တတိယဆုအဖြစ် GV Athletic  အသင်းကို ကျပ် သိန်း ၆၀ နှင့် ဆုတံဆိပ်တို့ကို ချီးမြှင့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly