လွိုင်ကော်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ညှိနှိုင်းမှု မပြီးပြတ်သေး

လွိုင်ကော်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ညှိနှိုင်းမှု မပြီးပြတ်သေး

 မတ် ၂၀ ။          ။ ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိရေး အငြင်းပွားနေကြသည့်ကိစ္စနှင့်ပက်သက်၍ မတ်လ ၂၀ ရက်နေ့တွင် ပြုလုပ်သော ညှိနှိုင်းအစည်းအဝေးတွင် ဗိုလ်ချုပ်ကြေးရုပ်ကို ဆက်လက်ထားရှိရေး ပြည်နယ် အစိုးရက နည်းလမ်းနှစ်ခုကို တင်ပြခဲ့သလို ရွေ့ပြောင်းပေးရေးကိုလည်း ကရင်နီပြည်လူငယ်များအင်အားစု သပိတ်ကော်မတီက နည်းလမ်းနှစ်ရပ်ဖြင့် တင်ပြခဲ့သည်။

အစိုးရဘက်က တင်ပြသော နည်းလမ်းနှစ်ရပ်မှာ ဗိုလ်ချုပ်ကြေးရုပ်တုကို လက်ရှိအတိုင်းထားရှိမည်။ ယင်းနေရာတွင် ဗိုလ်ချုပ် အောင်ဆန်း၏ ကတိကဝတ်များ ပင်လုံစာချုပ်ပါအချက်များ စသည်တို့ကို နှစ်ဖက်ညှိနှိုင်း၍ ကမ္ဗည်း ကျောက်စာများ ထားရှိမည်နှင့် ကျန်နည်းလမ်းတစ်ခုမှာ ဗိုလ်ချုပ်ကြေးရုပ်တုကို လက်ရှိအတိုင်းထားရှိမည်။ ကရင်နီ တိုင်းရင်းသား ခေါင်းဆောင်တစ်ဦး၏ ရုပ်တုကိုလည်း ထားရှိမည် ဟု ဆိုသည်။

ကရင်နီပြည်လူငယ်များအင်အားစု သပိတ်ကော်မတီကမူ ဗိုလ်ချုပ်ကြေးရုပ်တုကို ပြည်နယ်ပြင်ပသို့ ရွေ့ပြောင်းပေးရန်နှင့် ပြည်နယ်ပြင်ပသို့ ရွှေ့ပြောင်းပေးရန်အဆင်မပြေပါက အများနှင့် မသက်ဆိုင်သည့် နေရာ (ဥပမာ - NLD ရုံး ၊ ပရဟိတရုံး) တွင် ထားရှိရန်တို့ကို အဆိုပြုခဲ့သည်။

နှစ်ဦးနှစ်ဖက် လက်ခံနိုင်သော ဖြေရှင်းချက် ရရှိရေးအတွက် ထိုသို့ အသီးသီး နည်းလမ်း နှစ်ရပ်စီကို အဆိုပြုခဲ့သော ကြောင့် ယနေ့ မတ်လ ၂၀ ရက်နေ့ ညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့ခြင်း မရှိပါ။

ထို့ကြောင့် ဆက်လက်၍ ဖြေရှင်းချက် ရရှိရေး ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းကြရန် သဘောတူခဲ့ကြပြီး ယခု အဆိုပြု ကြသော နည်းလမ်းများကို ပြန်လည်သုံးသပ်ကာ ၂၀၁၉ ခုနှစ် ဧပြီလ မကုန်မီ လေးပွင့်ဆိုင် ပြန်လည် တွေ့ဆုံ၍ အားလုံး လက်ခံနိုင်သော ဖြေရှင်းချက် ရရှိရေး အပြီးသတ် ဆွေးနွေးညှိနှိုင်းရန် သဘောတူခဲ့ကြသည်။

ထိုသဘောတူညီမှုကို ကယားပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်းနှင့် ကရင်နီပြည်လူငယ်များအင်အားစု သပိတ်ကော်မတီမှ ခူးပိုးရယ်တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

ယနေ့ပြုလုပ်သည့် ဆွေးနွေးမှုကို ကယားပြည်နယ်အစိုးရ ၊ NRPC ၊ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ၊ ကရင်နီပြည်လူငယ်များအင်အားစုသပိတ်ကော်မတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ အသိသက်သေများအဖြစ် လွှတ်တော်ကိုယ်စားလှယ်များတို့က ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly