ပခုက္ကူ၊မတ်လ ၂၀ ။ ။သဘာဝဘေးအန္တရာယ် နှစ်စဉ်ခံစားနေရသော ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ၂၀၁၉ ခုနှစ်အတွက် လေဘေးကြိုတင်စီမံချက်များ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ပခုက္ကူခရိုင်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
"ကျွန်တော်တို့ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်က သဘာဝ ဘေးအန္တရာယ်ဖြစ်တဲ့ လေပြင်းဘေးကို နှစ်စဉ် နွေဦးရာသီမှာ ကြုံတွေ့ ခံစားလျှက်ရှိနေပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ လူကယ်ပြန် ဝန်ကြီးဌာနအနေနဲ့ ဒေသခံပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကို ထိခိုက်မှု လျော့နည်းအောင် ဆောင်ရွက်လျှက်ရှိပါတယ်"ဟု ပခုက္ကူခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူးဦးနေဝင်းက ဆိုသည်။
သက်ကြီးဘိုးဘွားများနေအိမ်များ ပြုပြင်ဆောင်ရွက်ရေးပါ ပါဝင်သော ၎င်းစီမံချက်ကို ဒေသခံများ၊ဌာနဆိုင်ရာများနှင့် နယ်မြေခံတပ်မတော်သားများဖြင့် ပူးပေါင်းပြုလုပ်နေခြင်းဖြစ်သည်ဟု ခရိုင် ဘေးစီမံဦးစီးဌာန တာဝန်ရှိသူက မဇ္ဈိမသို့ပြောသည်။
စီမံချက်ဒေသရှိ သက်ကြီး အဘိုး၊အဘွားများနေထိုင်သည့် တောင့်တင်းခိုင်မာမှုမရှိသော နေအိမ်များကို ဦးစားပေးပြုပြင်သွားမည်ဟု သိရသည်။
"သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၁၃ ၊ ပုဒ်မခွဲ (ခ) အရ ထိခိုက်လွယ် အုပ်စုတွေဖြစ်တဲ့ သက်ကြီးဘိုးဘွားတွေရဲ့ ယိုင်နဲ့နေတဲ့ နေအိမ်တွေကို ပြုပြင်ဆောင်ရွက်ပါတယ်။ဒီလုပ်ငန်းတွေ ပြုလုပ်တဲ့နေရာမှာ ဒေသခံ ဌာနဆိုင်တွေ၊ ဒေသခံပြည်သူတွေနဲ့ အတူ နယ်မြေခံ တပ်မတော်သားတွေ အတူ ဒီအိမ်တွေကို တောင့်တင်း ခိုင်မာတဲ့ ဘေးကင်းလုံခြုံတဲ့ အဆောက်အဦ ဖြစ်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်"ဟု ပခုက္ကူခရိုင် ဘေးစီမံဦးစီးဌာန မှ ဦးနေဝင်းက ပြောသည်။
ထိုစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများအား ၁၀ ရက်ကြာ လှည့်လည်ပြုလုပ်သွားမည်ဟု သိရသည်။
ပခုက္ကူခရိုင်အနေဖြင့် နှစ်စဉ်လေပြင်းတိုက်ခိုက်မှုများ ကြုံတွေ့နေရပြီး ယခင်နှစ်က လေပြင်း ၃၅ ကြိမ်တိုက်ခတ်ခဲ့ပြီး အိမ်ထောင်စုပေါင်း ၇၃၅ စု လေဘေးသင့်ခဲ့ကာ ဘေးစီမံဦးစီးဌာနအနေဖြင့် ထောက်ပံ့ငွေစုစုပေါင်း ၄၆၂သိန်း ကျော် ထောက်ပံခဲ့ရကြောင်း ၎င်းဌာန စာရင်းဇယားအရ သိရသည်။