မြောက်ဦးတိုက်ခိုက်မှု အဖြေရှာရန် ANP စုံစမ်းရေးကော်မရှင်ဖွဲ့

မြောက်ဦးတိုက်ခိုက်မှု အဖြေရှာရန် ANP စုံစမ်းရေးကော်မရှင်ဖွဲ့

ရန်ကုန်၊ မတ် ၂၀ ။               ။ တပ်မတော်နှင့် ရက္ခိုင့်တပ် (AA) တို့၏ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်းမှ အရပ်သားထိခိုက်မှုနှင့် သမိုင်းဝင် ရှေးဟောင်း အမွေအနှစ်များ ထိခိုက်မှုတို့ကို စုံးစမ်းတင်ပြရန် ရခိုင်အမျိုးသားပါတီ (ANP) က စုံစမ်းရေး ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းလိုက်သည်။

“ ရခိုင်အမျိုးသားပါတီဆိုတာ ရခိုင်ပြည်နယ်မှာ  လူထုအများဆုံးက ရွေးချယ်တာဝန်ပေးအပ်ထားတဲ့ နိုင်ငံရေးပါတီ တစ်ခုဖြစ်တာနဲ့ ဗဟိုအလုပ်အမှုဆောင်ကနေပြီးတော့ တာဝန်ရှိတဲ့အတွက် ပြည်သူလူထုအတွက် လေ့လာပါ။ စုံစမ်းပါ” ဟု ဆိုကာ မတ်လ ၂၀ ရက်နေ့တွင် ဖွဲ့စည်း တာဝန်ပေးအပ်လိုက်ခြင်းဖြစ်ကြောင်း ANP ပါတီ ဗဟို အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ကော်မရှင်သည် အဓိကအားဖြင့် ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် မြို့နယ် တို့ရှိ အရပ်သား ထိခိုက်မှုများကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး မြောက်ဦးရှိ ရှေးဟောင်းစေတီပုထိုး ထိခိုက်မှုများကိုလည်း စာရင်းကောက်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ တာဝန်ယူ တာဝန်ခံထားတဲ့ ပြည်ထောင်စုအစိုးရပေါ့ဗျာ၊ အဲ့ဒီ့အစိုးရမှာ တာဝန်ရှိတယ်လို့ခံယူတယ်။ အဲဒါကြောင့် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်ရယ် ကာကွယ်ရေးဦးစီးချုပ်ရယ်၊ လူ့အခွင့်အရေးအဖွဲ့တွေရယ် တခြား သက်ဆိုင်တဲ့ အဖွဲ့တွေ ကျွန်တော်တို့ ပို့သင့်ပို့ထိုက်တာတွေကို ပို့သွားမယ် “ ဟုလည်း ဦးထွန်းအောင်ကျော်က ဆိုသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အရ စုံစမ်းရေးကော်မရှင်သည်  မတ်လ ၂၀ ရက်နေ့မှ စတင်ကာ (၇) ရက် အတွင်း စုံးစမ်းစစ်ဆေးကာ ပါတီသို့ ပြန်လည် တင်ပြရမည်လည်းဖြစ်သည်။

အဆိုပါ တင်ပြချက်ကို စစ်ဆေးပြီးကာမှ သက်ဆိုင်ရာအဖွဲ့များသို့ ပို့ဆောင်ပေးသွားမည်ဟုလည်း သိရသည်။

ကော်မရှင်ကို ရခိုင်အမျိုးသားပါတီ ဒုတိယ ဥက္ကဋ္ဌဖြစ်သည့် ဒေါ်အေးနုစိန်နှင့် အတွင်းရေးမှူး ဦးထွန်းအောင်ကျော် အပါအဝင် ANP ပါတီဝင် ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်အမတ်များလည်း ပါဝင်ပြီး စုစုပေါင်း ၉ ဦး ဖြင့် ဖွဲ့စည်းထားခြင်းလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly