ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရသော ဒေါက်တာအေးမောင် အယူခံဝင်မည်

By အောင်အောင်ထူး
20 March 2019
ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရသော ဒေါက်တာအေးမောင် အယူခံဝင်မည်
ဓာတ်ပုံ - အောင်အောင်ထူး ၊ မဇ္ဈိမ

စစ်တွေ၊ မတ် ၂၀ ရက် ။             ။ နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့နှင့် စစ်တွေခရိုင်တရားရုံး၏ ထောင်ဒဏ် နှစ် ၂၀ ချမှတ် ခံလိုက်ရသည့် အမ်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်အနေဖြင့် ရခိုင်ပြည်နယ် တရားလွှတ်တော်သို့ အယူခံဝင်သွားမည်ဖြစ်သည်။

မတ်လ ၁၉ ရက်နေ့က စစ်တွေခရိုင်တရားရုံးမှ ချမှတ်လိုက်သည့် စီရင်ချက်အမိန့်ကို တရားဝင်ကူးယူပြီးလျှင် ဥပဒေ ပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်ပြီး မြန်နိုင်သလောက်မြန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာအေးမောင် ဦးဆောင်မည့် ရခိုင့်ဦးဆောင်ပါတီ ဗဟိုစည်းရုံးရေးကော်မတီအဖွဲ့ဝင်  ဦးအောင်သန်းဝေက ပြောသည်။

“ကျနော်တို့ အခု စစ်တွေခရိုင်က ချလိုက်တဲ့ စီရင်ချက်အမိန့်ကို တရားဝင်းကူးယူပါတယ်။ ကူးယူပြီးမှ စီရင်ချက်အမိန့် အပေါ်မှာ ချမှတ်ထားတဲ့ ဥပဒေနဲ့ စကားရပ်တွေကို ကျနော်တို့ ပြန်ပြီး ဥပဒေပညာရှင်တွေနဲ့ ညှိနှိုင်းတိုင်ပင်သုံးသပ်ပြီးမှ ရခိုင်ပြည်နယ် တရားလွှတ်တော်ကို စစ်တွေခရိုင်အမိန့် ပယ်ဖျက်ပေးဖို့ လျှောက်ထားပါတယ်။ ကျွန်တော်တို့ကတော့ တရားရုံးက အမှုတွဲကို ကူးလို့ရတဲ့ အပေါ်မှာပဲ စောလျှင်စွာ အယူခံလျှောက်ဖို့ ကြိုးစားသွားမယ်။”ဟု ၎င်းက မဇ္ဈိမသို့ ပြောသည်။

ဒေါက်တာ အေးမောင်အပါအဝင် ရခိုင်လူငယ်စာရေးဆရာ ကိုဝေဟင်အောင်တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ရသေ့တောင်မြို့နယ်တွင် ပြုလုပ်သည့်  ရခိုင့်အချုပ်အခြာအာဏာကျရှုံးခြင်း (၂၃၃) နှစ်မြောက် ဝမ်းနည်း အောက်မေ့ဖွယ် အထိမ်းအမှတ် စာပေဟောပွဲ၌ ဟောပြောခဲ့သည့် စကားအသုံးအနှုန်းများမှာ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို ပျက်ပြားစေသည်ဆိုကာ ပြည်နယ်အစိုးရ၏ တရားစွဲဆိုမှုကို ခံခဲ့ခြင်းရခြင်း ဖြစ်သည်။

နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော် အကြည်အညိုပျက်စေမှုနှင့် မတရားအသင်းဆက်နွယ်မှု စသည့် ပုဒ်မသုံးခုဖြင့် စွဲဆိုခဲ့ခြင်း ဖြစ်ပြီး ဟောပြောချက်တစ်ခုတည်းကို ပုဒ်မ ၃ ခုတပ်၍ စွဲဆိုခြင်းမှာ ဥပဒေအရ ဆန့်ကျင်နေသောကြောင့် ပယ်ဖျက်ပေးရန် လျှောက်လဲချက်တင်ရာ မတရားအသင်းဆက်နွယ်မှုပုဒ်မ တစ်ခုတည်းကိုသာ ပြည်နယ် တရားလွှတ်တော်က ပယ်ဖျက် ပေးခဲ့၍ ဆက်လက်အမှုရင်ဆိုင်ရာ  တစ်နှစ်ကျော်ကြာသည့်အချိန်တွင် ထိုသို့ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

လက်နက်စွဲကိုင်ခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း တစုံတရာ ပြုလုပ်မှု မရှိခဲ့ဘဲ ပါးစပ်နှင့် ဟောပြောခဲ့သည့့် နိုင်ငံရေးသမားကို  ထိုသို့ ကြီးလေးသောပုဒ်မဖြင့် တရားစွဲဆိုပြီး ပြစ်ဒဏ်ချမှတ်ခြင်းမှာ တရားဥပဒေစိုးမိုးမှုအပိုင်းတွင် ဖိအားများနှင့် လွဲချော်မှုများ ရှိနေ၍ ဖြစ်ကြောင်း ရခိုင်အမျိုးသား နိုင်ငံရေးအကဲဖြတ်များက သုံးသပ်ဝေဖန်ကြသည်။

ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က “ပြစ်မှုတစ်ခုကို နိုင်ငံတော်ပုန်ကန်မှုအတွက် ကိုယ်ထိလက်ရောက် လက်နက်စွဲကိုင်ပြီး သော်လည်းကောင်း၊ အစိုးရကိုထိခိုက်အောင် သော်လည်းကောင်း ဆန့်ကျင်ခဲ့ တယ်။ ကိုယ်ထိလက်ရောက် လှုပ်ရှားရုန်းကန်ခဲ့တယ်ဆိုရင်တမျိုး။ ပါးစပ်ပြောရုံနဲ့ ကြီးလေးတဲ့ ပုဒ်မတွေတပ်ပြီး အလွန်တရာ ပြင်းထန်တဲ့ ပြစ်ဒဏ်ချတာကတော့ တရား ဥပဒေစိုးမိုးမှုအပိုင်းမှာ အလွန်တရာဖိအားတွေများတယ်။ တရားဥပဒေစိုးမိုးမှု အပိုင်းမှာ လိုအပ်ချက်တွေ၊ လွဲချော်မှုတွေရှိနေတယ်လို့  ထင်ထင်ရှားရှားမြင်ရတယ်။”ဟု ပြောသည်။

ဒေါက်တာအေးမောင်သည် အမှုရင်မဆိုင်ရမီက ဥက္ကဋ္ဌ ရာထူးနှင့် အဖွဲ့ဝင်အဖြစ်ကပါ ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်ခွင့် တင်ထားခဲ့သူ တစ်ဦးဖြစ်သည်။ သို့သော် ထိုပါတီမှ ခွင့်ပြုပေးခဲ့ခြင်း မရှိသေးဘဲ ဆိုင်းငံ့ထားမှုကို ရင်ဆိုင်နေရသည့်အပြင် ကာလရှည် ထောင်ဒဏ်ကိုပါ ကျခံနေရသည်။ ယင်းကြားထဲ ၎င်းကိုယ်တိုင် ဦးဆောင်မည်ဖြစ်သော ပါတီသစ် တစ်ခုကိုပါ တည်ထောင်ခဲ့သူ ဖြစ်ပြီး သားဖြစ်သူ ဦးတင်မောင်ဝင်းကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်အောင်ပါ ပံ့ပိုးပေးခဲ့သူ ဖြစ်သည်။

ယခုချိန်တွင် ၎င်း ပြန်လည် လွတ်မြောက်ရေးအတွက် အယူခံဝင်မှုကို ပါတီသစ် ရခိုင့်ဦးဆောင်ပါတီနှင့် ဒေါက်တာ အေးမောင်၏ မိသားစုဝင်များ ၊ ရှေ့နေတို့က မြန်နိုင်သမျှ မြန်စေရန် ဆောင်ရွက်နေသည်။ ထို့အတူ ဒေါက်တာအေးမောင်ကို လိုလားထောက်ခံသူများကလည်း ၎င်း လွတ်မြောက်လာစေရေးကို ဆန္ဒရှိနေကြသည်။

အယူခံဝင်မည့်ကိစ္စ ဒေါက်တာ အေးမောင်ဘက်က သေချာနေပြီဖြစ်သော်လည်း သူနှင့်အတူ ထောင်ဒဏ်အတူချမှတ်ခံရသည့်  ကိုဝေဟင်အောင်ဘက်မှ မိသားစုများကမူ အမှုသည်၏ တရားရေးမဏ္ဍိုင်အပေါ် ယုံကြည်မှုကို မေးမြန်းရမည်ဖြစ်ကြောင်း ဆိုသည်။

“လူမျိုးရေးနှိပ်ကွက်တယ်။ တိုင်းရင်းသားဒေသတွေကို နိုင်ငံရေးအရ နှိပ်ကွက်တယ်။ ဥပဒေစိုးမိုးမှုမရှိ။ သူတို့လုပ်ချင်တာ လုပ်တယ်။ ဗမာပြည်မှာ စာရေးဆရာတွေ ပြောချင်တာပြောခွင့်ရှိတယ်။ အစိုးရကို ဝေဖန်ခွင့်ရှိတယ်။ တိုင်းရင်းသား ဒေသတွေမှာ (ဗမာမဟုတ်သော အခြားတိုင်းရင်းသားမျိုးကို ဆိုလိုသည်) ပြောတယ်ဆိုရင် သူတို့ ပုဒ်မအကြီးကြီးနဲ့ စွဲတယ်။ ဒါကတော့ လုံးဝလက်သင့်ခံလို့ မရဘူး။” ဟု ကိုဝေဟင်အောင်၏ အစ်ကို ဖြစ်သူ ဦးသိန်းဝင်းက မဇ္ဈိမသို့ ပြောသည်။

၎င်းတို့နှစ်ဦးကို နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ နှင့် ထောင်ဒဏ်နှစ် ၂၀ ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ခြင်း ဖြစ်ပြီး ပြစ်ဒဏ်ကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ကာ အချုပ် ရက်များကိုပါ ထုတ်နုတ်ခံစားခွင့်ပြုခဲ့ကြောင်း မတ်လ ၁၉ ရက်နေ့က စစ်တွေခရိုင်တရားရုံးမှ အမိန့်ချခဲ့ခြင်းဖြစ်သည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly