လွိုင်ကော်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ NRPC နှင့် KNPP ခေါင်းဆောင်ပိုင်းတို့ ပါဝင်ဆွေးနွေး

လွိုင်ကော်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ NRPC နှင့် KNPP ခေါင်းဆောင်ပိုင်းတို့ ပါဝင်ဆွေးနွေး
ဓာတ်ပုံ - Kayan New Generation Youth - KNGY

ရန်ကုန်၊ မတ် ၂၀ ။           ။ ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိရေး အငြင်းပွားနေကြသည့်ကိစ္စနှင့် ပက်သက်၍ NRPC မှ ကိုယ်စားလှယ်များ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ကပါ ပါဝင်၍ ယနေ့ (မတ်လ ၂၀ ရက်) ပြုလုပ်သည့် အစည်းအဝေးတွင် ဆွေးနွေးလျက်ရှိနေသည်။

အစည်းအဝေးကို ကယားပြည်နယ် (ကရင်နီပြည်) လွိုင်ကော်မြို့ရှိ နန္နရာဟိုတယ်တွင် ပြုလုပ်နေခြင်း ဖြစ်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှ ဦးဇော်ဌေး ဦးဆောင်သည့် ကိုယ်စားလှယ်များ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ ခူဦးရယ်ဦးဆောင်သည့် ကိုယ်စားလှယ်များ ၊ ကယားပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ဦးဆောင်သည့် ကိုယ်စားလှယ်များ၊ ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီ ကိုယ်စားလှယ်များနှင့် ကြေးရုပ်ကန့်ကွက်ရေး သပိတ်ကော်မတီ (ကရင်နီပြည်လူငယ်အင်အားစု)မှ ကိုယ်စားများ တွေ့ဆုံ ဆွေးနွေးနေကြခြင်းလည်းဖြစ်သည်။

အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စဖြေရှင်းရေး (၅) ပွင့်ဆိုင် ညှိနှိုင်းအစည်းအဝေးကို ကယားပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်စည်သူနှင့် ကယားပြည််နယ် လွှတ်တော်ကိုယ်စားလှယ် ခူးသဲရယ်တို့မှလည်း အသိ သက်သေအနေဖြင့် ပါဝင်တက်ရောက်ခဲ့သည်။

ဗိုလ်ချုပ်ကြေးရုပ်ထားရှိသည့် ကိစ္စသည် NCA လက်မှတ်ထိုးနိုင်ရေးကြိုးပမ်းမှုကို အဟန့်အတားဖြစ်စေသည်ဟု KNPP ပြောရေးဆို ခွင့်ရှိသူ နဲနယ်ပလိုးက မတ်လ ၁၈ ရက်နေ့ နေပြည်တော်တွင် ပြောဆိုအပြီး ထိုသို့ အစည်းအဝေးတွင် ပါဝင် လာခဲ့ခြင်းလည်းဖြစ်သည်။

ထို့အပြင် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ရပ်တည်ချက်နှင့်ပက်သက်၍ တဖက်နှင့် တဖက် သမိုင်းကြောင်းများကို အသိအမှတ်ပြုပေးရန်၊ တဖက်၏ သမိုင်းကို အဓိပ္ပာယ်ဖွင့်ဆိုပြီး တိုင်းရင်းသားတွေအပေါ် လွှမ်းမိုးခြင်းမျိုး လက်မခံကြောင်းလည်း ၎င်းကပြောဆိုခဲ့သေးသည်။

လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ် ထားရှိမည့်အပေါ် ကန့်ကွက်သူများနှင့် ပြည်နယ်အစိုးရအကြား တွေ့ဆုံဆွေးနွေး မှုများ ရှိခဲ့သော်လည်း လက်ရှိအချိန်ထိ ပြေလည်မှုမရရှိသေးပေ။

ထို့အပြင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိရေး ကန့်ကွက်ဆန္ဒပြခဲ့သည့် ကရင်နီလူငယ်အင်အားစုအဖွဲ့ကို ရဲတပ်ဖွဲ့က ရုန်းရင်း ဆန်ခတ်မှုဖြစ်ပွားခဲ့သည့် ဖေဖဝါရီလ ၁၂ ရက်နေ့တွင် ရာဘာကျည်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဆန္ဒပြသူအချို့ ဒဏ်ရာရခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly