တနင်္သာရီတိုင်း ဝန်ကြီးနှစ်ဦး နုတ်ထွက်မှု ကျန်းမာရေးကြောင့်ဖြစ်နိုင်ဟုဆို

တနင်္သာရီတိုင်း ဝန်ကြီးနှစ်ဦး နုတ်ထွက်မှု ကျန်းမာရေးကြောင့်ဖြစ်နိုင်ဟုဆို

ရန်ကုန်၊ မတ် ၂၀ ။        ။ အဂတိလိုက်စားမှုဖြင့် ဝန်ကြီးချုပ်အား ဖမ်းဆီးထားသော တနင်္သာရီတိုင်းဒေသကြီးတွင် နောက်ထပ် ဝန်ကြီးနှစ်ဦးအား မိမိသဘောဆန္ဒအလျောက် နိုင်ငံတော်သမ္မတရုံးက နုတ်ထွက်ခွင့်ပြုခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးဖြိုးဝင်းထွန်း၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ဝန်ကြီးဦးကြည်လှိုင်တို့ကို မတ်လ ၁၉ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက နုတ်ထွက်ခွင့် ပြုလိုက်ခြင်းလည်းဖြစ်သည်။

နုတ်ထွက်ခဲ့သည့် ဝန်ကြီးနှစ်ဦးမှာ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော် ၏ အဂတိလိုက်စားမှုနှင့် ပက်သက်နိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသူများလည်းဖြစ်ကြသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့်ပက်သက်၍ မြန်မာနိုင်ငံ အဂတိတိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်ခဲ့မှုတွင် “ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရောင်းချခြင်း ဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီး ၂၀၁၇ ဇူလိုင် ၁  ရက်နေ့မှစ၍ စစ်ဆေးသည့် အချိန်အထိ သဘာဝဓါတ်ငွေ့ဖိုး ကျပ်သန်း (၈၀၀၀) ကျော်ကို ပေးချေရန် တာဝန်ရှိသည့် GGS ကုမ္ပဏီဘက်မှ ပေးချေရန် ပျက်ကွက်နေကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ထုတ်ကျခံခဲ့ရသဖြင့် နိုင်ငံတော် ဘဏ္ဍာငွေများ ထိခိုက်နစ်နာဆုံးရှုံးမှုရှိကြောင်း ပေါ်ပေါက်မှုအပေါ် အဆိုပါလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် GGS ကုမ္ပဏီမှ ဦးသိန်းထွေးနှင့် ဦးအောင်မြတ်တို့သည် အဂတိလိုက်စားမှုဖြင့် ငြိစွန်းကြောင်း တွေ့ရှိရပါသည် “ ဟု ဖော်ပြမှုအရလည်း ထိုသို့ သတင်းများ ထွက်ပေါ်လာရခြင်း ဖြစ်သည်။

သို့သော် ၎င်းတို့၏ ကျန်းမာရေးကိစ္စရပ် ကြောင့်သာ ဖြစ်နိုင်သည်ဟု မြိတ်ခရိုင် NLD ပါတီဥက္ကဋ္ဌ ဦးစိုးလွင်က သုံးသပ်ဖြေဆိုခဲ့သည်။

“ ဗဟိုကနေ ကျွန်တော်တို့ဆီ တိုက်ရိုက်ပို့ထားတာလည်း မရှိဘူး။ သူတို့ရဲ့ ကျန်းမာရေးတွေ ဘာတွေဖြစ်မယ်ထင်တယ်။ ဝန်ကြီးတွေက အလုပ်များတာကို “ ဟု ၎င်းက မဇ္ဈိမ၏ မေးမြန်းမှုကို မတ်လ ၂၀ ရက်နေ့ နံနက်တွင် ဖြေကြားခဲ့သည်။

နုတ်ထွက်မှုအား ရှင်းလင်းတိကျစွာ သိရှိနိုင်ရန် ထို ဝန်ကြီးနှစ်ဦးကို ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း မရရှိခဲ့ပါ။

ထို့ကြောင့် ၎င်းတို့၏ သဘောဆန္ဒအလျောက် လွှတ်တော်သို့ နုတ်ထွက်စာ တင်ထားခြင်းမျိုး ရှိမရှိကို သိရှိရန် တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးသို့ ဖုန်းဆက်မေးမြန်းရာ ရုံးပိတ်ရက် (မတ်လ ၂၀ ရက်နေ့သည် တပေါင်းလပြည့်နေ့ဖြစ်ပြီး အများပြည်သူရုံးပိတ်ရက်လည်း ဖြစ်သည်) ဖြစ်နေသည့်အတွက် တိတိကျကျ မသိရှိသေးကြောင်းသာ ပြန်လည်ဖြေဆိုခဲ့သည်။

ထို့အပြင် နိုင်ငံတော်သမ္မရုံး၏ အဆိုပါထုတ်ပြန်ချက်နှင့် ပက်သက်၍ “ ကျွန်တော်တို့ တိုင်းလွှတ်တော်ကိုတော့ မနက်ဖြန် (မတ်လ ၂၁ ရက်) ကျမှ တရားဝင်စာပို့မယ်ထင်တယ်ဗျ ” ဟု တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က) နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ (ခ) တို့ပါ ပြဋ္ဌာန်းချက်များအရ ယင်းတို့၏ သဘောဆန္ဒအလျောက် တိုင်းဒေသကြီး ဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုကြောင်း သမ္မတရုံးက ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly