ကမ္ဘာ့အဆင့် တစ်ဆင့်မြင့်တက်လာတဲ့ သက်ထားသူဇာ လေ့ကျင့်မှုပြုလုပ်ရန် ဗီယက်နမ်သို့ ကြိုတင်ထွက်ခွာမည် 

ကမ္ဘာ့အဆင့် တစ်ဆင့်မြင့်တက်လာတဲ့ သက်ထားသူဇာ လေ့ကျင့်မှုပြုလုပ်ရန် ဗီယက်နမ်သို့ ကြိုတင်ထွက်ခွာမည် 
Photos: Thet Htar Thuzar/Facebook

ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အဆင့် တစ်ဆင့်မြင့်တက်လာတဲ့ မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ မတ် ၂၆ ရက်မှာ ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာပြီး ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်မယ်လို့ သိရပါတယ်။

ဗီယက်နမ် နိုင်ငံတကာစီးရီးကြက်တောင်ရိုက်ပြိုင်ပွဲကို ဧပြီ ၁၉ ရက်မှ ကျင်းပမှာဖြစ်ပေမယ့် သက်ထားသူဇာဟာ မတ် ၂၆ ရက်ကတည်းက ဗီယက်နိုင်ငံသို့ ထွက်ခွာပြီး ကြိုတင်လေ့ကျင့်မှုတွေ ပြုလုပ်ပြီးနောက်မှာ ပြိုင်ပွဲတစ်ဆက်တည်း ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

အသက် ၂၀ အရွယ် သက်ထားသူဇာဟာ အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်ပြီးပါက ဧပြီနောက်ဆုံးအပတ်မှာ ကျင်းပမယ့် တရုတ်နိုင်ငံတကာစီးရီး ကြက်တောင်ရိုက်ပြိုင်ပွဲကိုလည်း ဆက်လက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ယခုလို ကြိုတင်လေ့ကျင့်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် သက်ထားသူဇာကို အာရှကြက်တောင်အဖွဲ့ချုပ်က စီစဉ်ပေးတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ၂၀၁၉ ခုနှစ်၊ မတ် ၁၉ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အမျိုးသမီးတစ်ဦးချင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် ၁၃၃ မှာ ရပ်တည်နေပါတယ်။ သူမဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က အဆင့် ၁၃၄ ရှိနေခဲ့ပြီး ယခုအပတ်မှာ အဆင့်တစ်ဆင့် မြင်တက်ခဲ့တာဖြစ်ပါတယ်။

၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတဲ့ သက်ထားသူဇာဟာ အဆိုပါပြိုင်ပွဲဝင်ခွင့်အတွက် ကမ္ဘာ့အဆင့် ၁၀၀ အတွင်းဝင်နိုင်ရမှာဖြစ်ပြီး လက်ရှိမှာ ကမ္ဘာ့အဆင့် ၁၃၃ သာရှိသေးတဲ့အတွက် သူမအနေနဲ့ ယခုပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေရယူကာ ကမ္ဘာ့အဆင့်မြင့်မားလာဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

သက်ထားသူဇာဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ ကျင်ခဲ့တဲ့ အီဂျစ်နိုင်ငံတကာစီးရီးပြိုင်ပွဲမှာ ချန်ပီယံဆု ရရှိခဲ့ပြီး ဒီဇင်ဘာမှာ ကျင်းပခဲ့တဲ့နီပေါနိုင်ငံတကာစီးရီးပြိုင်ပွဲမှာလည်း ဒုတိယဆုရရှိခဲ့ပါတယ်။

ဒါ့အပြင် ယခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ ယူဂန္ဓာနိုင်ငံတကာ စီးရီးပြိုင်ပွဲနဲ့ ကင်ညာနိုင်ငံတကာ စီးရီးပြိုင်ပွဲတွေမှာလည်း ချန်ပီယံဆုတွေ ရရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly