မန်းရွှေစက်တော်သို့ အစဉ်အလာမပျက် နွားလှည်းတန်းများဖြင့် ဘုရားဖူးလာရောက်

By မျိုးမြတ်
19 March 2019
မန်းရွှေစက်တော်သို့ အစဉ်အလာမပျက် နွားလှည်းတန်းများဖြင့် ဘုရားဖူးလာရောက်
ဓာတ်ပုံ- ကို​ဂျေ (မင်းဘူး)

မင်းဘူး၊  မတ် ၁၉ ။         ။ မန်းရွှေစက်တော်ဘုရားပွဲတော်သို့ မင်းဘူး(စကု)မြို့နယ်၊ မင်းလှကျင်းကျေးရွာမှ နွားလှည်းတန်းများဖြင့် နှစ်စဉ်ရှေးရိုးအစဉ်လာမပြတ် လာရောက်ဖူးမြှော်လျက်ရှိရာ မတ်လ ၁၇ ရက်နေ့ ညနေပိုင်းက လှည်းတန်းများဖြင့် လာရောက် ဖူးမြော်ခဲ့ကြသည်။

"ကျွန်တော်တို့ မတ်လ ၁၇ ရက်နေ့ ညနေ ၃ နာရီက လှည်းတန်း ၄၈ စီးနဲ့ ထွက်လာပါတယ်၊ မင်းလှကျင်းရွာနဲ့ ရွှေစက်တော်ဘုရားက ၁၂ မိုင်ခန့် ဝေးပါတယ်၊ မိသားစုလိုက် ဘုရားဖူးလာကြတာပါ၊ လှေတင်တံတားအောက်က မန်းချောင်းသောင်ပြင်လှည်းဝိုင်းမှာ နေကြပါတယ်၊ လပြည့်ကျော်တစ်ရက်နေ့မှာ ပြန်ကြမှာပါ" ဟု လှည်းတန်းဖြင့် ဘုရားဖူးလာသူတစ်ဦးက ပြောသည်။

ရွှေစက်တော်ဘုရားပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်ကျင်းပလျှက်ရှိရာ ဧပြီလ ၁၇ ရက်နေ့ နေ့အထိ နှစ်စဉ် စည်ကားစွာ ကျင်းပလေ့ရှိသော ပွဲတော် ဖြစ်သည်။

“ မန်းရွှေစက်တော် ဘုရားကို ကျွန်တော်တို့ဘိုးဘွားတွေ လက်ထက်ကတည်းက လှည်းတန်းနဲ့ သွားရောက်ဖူးမြှော်ကြတာပါ၊ ယခင်နှစ်က နွားလှည်း အစီးရေ ၂၉ စီးနဲ့ သွားခဲ့ပြီး ယခုနှစ် နွားလှည်း အစီးရေ ၄၈ စီး နဲ့ သွားရောက်ဖူးမြှော်ကြတာပါ။ နှစ်စဉ် တပေါင်းလပြည့်နေ့အမီ လာရောက်ပြီး လပြည့်နေမှာ အာရုဏ်ဆွမ်းကပ်လှူကြပါတယ်” ဟု မင်းလှကျင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက ပြောသည်။

ထိုကဲ့သို့ မန်းရွှေစက်တော်ရာဘုရားပွဲတော်လာ မြန်မာ့ရိုးရာလှည်းတန်းကို အနယ်နယ်အရပ်ရပ်မှ ဓာတ်ပုံ ပညာရှင်များက စိတ်ဝင်တစားလာရောက်၍ မှတ်တမ်းတင် ရိုက်ကူးခဲ့ကြောင်း သိရသည်။

"အနယ်နယ်အရပ်ရပ်က ဓာတ်ပုံပညာရှင်တွေ ပူးပေါင်းပြီး လှည်းတန်းထွက်မည့်ရက်ကို လာရောက်ရိုက်ကူးြ ကတာပါ၊ မန်းရွှေစက်တော်ရာဘုရားကို မြန်မာ့ရိုးရာလှည်းတန်းဖြင့် လာရောက်ဖူးမြှော်တဲ့ အစဉ်အလာကို မပျောက်ပျက်ဖို့နဲ့ နောင်လာနောက်သားတွေ ဆက်လက်ထိန်းသိမ်းဖို့ ရည်ရွယ်ပြီး လာရောက် ရိုက်ကူးကြတာပါ၊ ကျွန်တော်တို့ ဓာတ်ပုံဝါသနာရှင်တွေ၊ အခြားအလှူရှင်တွေ ပူးပေါင်းပြီး လှည်းတန်းတွေကို အလှူဒါန ပြုပါတယ်" ဟု ဒေသခံ ဓာတ်ပုံဆရာ ကိုဇော်ဇော်အောင်က ပြောသည်။

လက်ရှိတွင် မန်းရွှေစက်တော်ရာဘုရားပွဲတော်မှာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရပြီး ယခုနှစ်တွင် မန်းရွှေစက်တော်ဘုရားအနီးတွင် ဘုရားဖူးပြည်သူများ အပန်းဖြေလေ့လာရေး ဆင်စခန်းဖွင့်လှစ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly