ခြေ/ဥပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး တစ်လခန့် ရပ်နားမည်

ခြေ/ဥပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး တစ်လခန့် ရပ်နားမည်
 (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၁၉ရက်၊ ၂၀၁၉ခုနှစ်)။ ။ လွှတ်တော်အမတ် ၄၅ဦးဖြင့် ဖွဲ့စည်းထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစည်းအဝေးများကို တစ်လခန့်ရပ်နားမည်ဖြစ်ပြီး လာမည့် ဧပြီလ ၂၂ရက်မှသာ ပြန်လည် ကျင်းပမည်ဟု ကော်မတီဝင်များက ပြောသည်။

လက်ရှိတွင် အခြေခံဥပဒေ၏ အခန်း ၁ အခြေခံမူများ၊ အခန်း ၂ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ၊ အခန်း ၃ နို်င်ငံတော်အကြီးအကဲနှင့် အခန်း ၄ ဥပဒေပြုရေးအထိ ဥပဒေပုဒ်မများကို သုံးသပ်ဆွေးနွေးပြီးဖြစ်ကြောင်း မတ်လ ၁၉ရက်က ကျင်းပသည့် ပူးပေါင်းကော်မတီ၏ (၈/၂၀၁၉) အစည်းအဝေးအပြီးတွင် ကော်မတီဝင်များက ပြောကြားခဲ့သည်။

ပူးပေါင်းကော်မတီဝင် ဦးအောင်ကြည်ညွှန့်က “အခုဟာက ပုံမှန်လေး သွားနေတဲ့အခါကျတော့ အဆင်ပြေပြေ၊ ချောချောမွေ့မွေ့ဖြစ်နေတော့ ဖြတ်လိုက်တာ။ တစ်ချို့လည်း မဲဆန္ဒနယ်ပြန်ဖို့ ရှိတယ်လေ။ အဲ့တော့ ဧပြီ ၂၂ ရက်မှ ပြန်စမယ်” ဟု အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောသည်။

ပြန်စမည့် ပူးပေါင်းကော်မတီအစည်းအဝေးတွင် အုပ်ချုပ်ရေးကဏ္ဍနှင့်ပတ်သက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၅)ကို ဆက်လက် ဆွေးနွေးကြမည်ဖြစ်သည်။

လက်ရှိ အခန်း(၄) ဆွေးနွေးပြီးချိန်အထိ အာဏာရ NLD အပါအဝင် အခြား နိုင်ငံရေးပါတီအသီးသီးက ပြင်ဆင်ချက်များ အဆိုပြုထားသော်လည်း တပ်မတော်နှင့် အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတို့က အဆိုပြုထားခြင်းမရှိသေးပေ။

ပူးပေါင်းကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်ပြီး ပြင်ဆင်သင့်သည့်အချက်များကို ပြုစုထားသည့် အစီရင်ခံစာတစ်စောင်ကို ငါးလအတွင်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရန် လျာထားကြောင်း သိရသည်။

“ဆွေးနွေးမှုက တော်တော်လေးကောင်းပါတယ်။ အစီရင်ခံစာကိုတော့ Target ထဲ ဝင်အောင် အန်ကယ်လ် တို့ကို တာဝန်ပေးထားတဲ့ရက်ရှိပါတယ်။ မှတ်မိသလောက် ၁ရရက်၊ ရလ ထင်ပါတယ်။ ဒီပုံစံနဲ့ဆို ဝင်နိုင်မယ်လို့ မြင်ပါတယ်” ဟု ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly