အခမဲ့ ပါဝင်ဆင်နွှဲနိုင်မည့် မြန်မာ့ရိုးရာအင်းလျားလမ်းလျှောက်သင်္ကြန် ပြုလုပ်မည်

အခမဲ့ ပါဝင်ဆင်နွှဲနိုင်မည့် မြန်မာ့ရိုးရာအင်းလျားလမ်းလျှောက်သင်္ကြန် ပြုလုပ်မည်
ဓာတ်ပုံ- သက်ကို

မတ်၊ ရန်ကုန် ။       ။ အများပြည်သူများ အခမဲ့ပါဝင်ဆင်နွှဲနိုင်မည့် မြန်မာ့ရိုးရာအင်းလျား လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ရန်ကုန် တိုင်းဒေသကြီး အစိုးရနှင့် မြတ်မေတ္တာမွန်ကုမ္ပဏီတို့က ပူးပေါင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပွဲကျင်းပတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ မြန်မာ့ရိုးရာသင်္ကေတရော၊ နိုင်ငံတကာကလည်း ဒီဟာကို သတိထားမိအောင်၊ လေ့လာစရာလည်း ဖြစ်အောင် ကျွန်တော်တို့ ဒါကို ကျင်းပတာပါ။ နိုင်ငံတကာမှာ နိုင်ငံ ခြားသားတွေ ဘယ်လိုအထင်မှတ်မှားနေလဲဆိုတော့ ယိုးဒယားယဉ်ကျေးမှုနဲ့ အထင်မှတ်မှားနေပါတယ်။ ချင်းမိုင်မှာဆို ပုသိမ်ထီးနဲ့ အလှပြဖျော်ဖြေတယ်ပေါ့နော်။ အဲ့ဒါကို ဒါချင်းမိုင်ထီးဆိုပြီး အကုန်လုံးက သိနေကြ တယ်။အဲ့ဒါကို ကျွန်တော်တို့ ဒါကကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုဖြစ်တယ်ဆိုတာ နိုင်ငံတကာက ပြန်ပြီးတော့  လေ့လာစရာဖြစ်အောင် ဒီပွဲလေးကို အဲ့ရည်ရွယ်ချက်လေးနဲ့ ကျင်းပတာလည်း ဖြစ်ပါတယ်” ဟု မြန်မာ့ရိုးရာ အင်းလျားလမ်းလျှောက်သင်္ကြန်ပွဲတော် ပွဲဖြစ်မြောက်ရေးတာဝန်ခံ ဦးထွဋ်ခိုင်ဝင်းက ပြောသည်။

မတ်လ ၁၉ရက်နေ့က ရန်ကုန်မြို့ ParkRoyal Hotel တွင် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာ အင်းလျား လမ်းလျှောက်သင်္ကြန်ပွဲတော်အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

၂၀၁၉ခုနှစ် ဧပြီလ၁၃ရက်နေ့တွင် စတင်ကျရောက်တော့မည့် မြန်မာရိုးရာသင်္ကြန်တွင် တက္ကသိုလ်ရိပ်သာလမ်း မှ ပြည်လမ်းအထိ၊ အင်းလျားလမ်းတစ်လျှောက်နှင့် ပြည်လမ်း၊ အင်းလျားကန်ဘောင်တစ်လျှောက်တွင် မြန်မာ့ ရိုးရာအင်းလျားလမ်းလျှောက်သင်္ကြန်ပွဲတော်ကို ပြုလုပ်သွားမည်ဖြစ်သည်။

အင်းလျားလမ်းလျှောက်သင်္ကြန်တွင် အနုပညာရှင်များ ဖျော်ဖြေမည့် စင်ကြီးတစ်စင်နှင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိသော တိုင်းရင်းသားရှစ်မျိုး၏ ရိုးရာအပြင်အဆင်များ အသီးသီး ခင်းကျင်း ထားမည့် မဏ္ဍပ်ရှစ်ခု၊ အခြားမဏ္ဍပ်ငယ်များ ပါဝင်မည်ဖြစ်သည်။ လမ်းလျှောက်သင်္ကြန်ပွဲတော်အတွင်း ကန်ဘောင် အလှဆင်ခြင်း၊ သင်္ကြန်ရေပြွတ်များဖြင့် ကစားခြင်း၊ နံ့သာရေများဖြင့် ပက်ဖြန်းခြင်း၊ ရောင်စုံ ဆေးမှုန့်များဖြင့် ကစားခြင်းများလည်း ပါဝင်သည်။ ထို့အပြင် အစားအသောက်နှင့် ရိုးရာပစ္စည်းများ ရောင်း ချမည့် ဆိုင်ခန်းပေါင်း ၁ဝဝ ဝန်းကျင်ပါဝင်ကြောင်း သိရသည်။

အနုပညာရှင်များ ဖျော်ဖြေမည့် စင်ကြီးတွင် အဆိုတော်ရင်ဂိုက ပင်တိုင်ဖျော်ဖြေသွားမည်ဖြစ်ပြီး စိုင်းစိုင်း ခမ်းလှိုင်၊ ဂရေဟန်၊ R ဇာနည်၊ စည်သူလွင်၊ ဂျူနီယာချစ်ကောင်း၊ နီနီခင်ဇော်၊ အိမ့်ချစ်၊ ပန်းရောင်ခြယ်၊ ဆိုဖီယာ၊ Twin Star ၊ V Hay Ko၊ DJ- BE BE တို့က ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းလျှောက်သင်္ကြန်တွင် ပါဝင်မည့် မဏ္ဍပ်များ၊စင်များနှင့် အခြားပြင်ဆင်မှုများကို မတ်လ ၂၅ရက်နေ့တွင်  စတင်ပြုလုပ်မည်ဖြစ်ပြီး သင်္ကြန်မတိုင် တစ်ပတ်အလိုတွင် ပြီးစီးရန် ခန့်မှန်းထားကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly