၂၀၁၉ Six Nations ရပ်ဘီချန်ပီယံရှစ်ပြိုင်ပွဲမှာ ဝေးလ်အသင်း ဗိုလ်စွဲပြီးနောက် ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ရန် ယုံကြည်

၂၀၁၉ Six Nations ရပ်ဘီချန်ပီယံရှစ်ပြိုင်ပွဲမှာ ဝေးလ်အသင်း ဗိုလ်စွဲပြီးနောက် ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ရန် ယုံကြည်
Photo: AFP

၂၀၁၉ Six Nations ရပ်ဘီချန်ပီယံရှစ်ပြိုင်ပွဲမှာ ဝေးလ်အသင်းက အနိုင်ရဗိုလ်စွဲခဲ့ပြီးနောက် လက်ရှိပုံစံကောင်းအတိုင်း ဆက်သွားနိုင်ပါက ကမ္ဘာဖလားကို ဆွတ်ခူးနိုင်တယ်လို့ အသင်းနည်းပြ ဝါရင် ဂတ်လန်းက ပြောပါတယ်။

ဝေးလ်အသင်းဟာ ဒီပြိုင်ပွဲမှာ ပြင်သစ်အသင်းကို (၂၄-၁၉) မှတ်၊ အီတလီအသင်းကို (၂၆-၁၅) မှတ်၊ အင်္ဂလန်အသင်းကို (၂၁-၁၃) မှတ်၊ စကော့တလန်အသင်းကို (၁၈-၁၁)မှတ်၊ အိုင်ယာလန်အသင်းကို (၂၅-၇)မှတ်နဲ့ ပွဲအားလုံးအနိုင်ရခဲ့ပါတယ်။ ဒါ့ကြောင့် ရာနှုန်းပြည့်နိုင်ပွဲတွေနဲ့ ချန်ပီယံဖြစ်လာတဲ့အသင်းကို ချီးမြှင့်တဲ့ ဂရင်းစလင်းဆုဖလားကိုပါ ထပ်မံသိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဝေးလ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၁၄ ပွဲဆက်တိုက်အနိုင်ရခဲ့တာကြောင့် ကမ္ဘာ့ရပ်ဘီအဆင့် ရပ်တည်မှုမှာ နံပါတ် ၂ နေရာကို တက်လှမ်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

"ပြီးခဲ့တဲ့နှစ်က ပြိုင်ပွဲမှာ ကျနော် ကစားခဲ့သလို လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒီကစားသမားတွေဟာ ပွဲစဉ်တိုင်းမှာ ၁၀၀ ရာနှုန်းပြည့် ပေးဆပ်လိမ့်မယ်လို့ ကျနော် ဂတိပေးပါတယ်။ ကျနော်တို့ ကမ္ဘာ့ဖလားကို နိုင်ငံဆီ သယ်ယူလာနိုင်ပါတယ်။"လို့ နည်းပြ ဝါရင် ဂတ်လန်းက ပြောပါတယ်။

ဝေးလ်အသင်းဟာ ၂၀၀၀ ပြည့်နှစ်မှာ Six Nations ပြိုင်ပွဲအဖြစ် ပြောင်းလဲခဲ့ပြီးနောက် ချန်ပီယံဆုကို ၅ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သလို ဂရင်းစလင်းဆုဖလားကို အသင်းသမိုင်းတစ်လျှောက် ၁၂ ကြိမ်မြောက် ရရှိနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဝေးလ်အသင်းဟာ လာမယ့် စက်တင်ဘာလ ၂၀ ကနေ နိုဝင်ဘာလ ၂ ရက်အထိ ဂျပန်နိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ Pool (D) မှာ သြစတြေးလျ၊ ဖီဂျီ၊ ဂျော်ဂျီယာ၊ ဥရုဂွေးအသင်းများနဲ့အတူ ကျရောက်နေပါတယ်။

ဝေးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ကို ၂ ကြိမ် တက်ရောက်နိုင်ခဲ့ပြီး အမြင့်ဆုံးအဆင့်အဖြစ် ၁၉၈၇ ခုနှစ်မှာ တတိယနေရာ ရရှိခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly