မြန်မာအိမ်အကူကို နှိပ်စက်ညှဉ်းပန်းမှုဖြင့် စင်ကာပူ ဇနီးမောင်နှံ ထောင်ဒဏ်ချမှတ်ခံရ

မြန်မာအိမ်အကူကို နှိပ်စက်ညှဉ်းပန်းမှုဖြင့် စင်ကာပူ ဇနီးမောင်နှံ ထောင်ဒဏ်ချမှတ်ခံရ
People walk along a promenade with a view of Marina Bay financial centre in Singapore on March 8, 2019. Photo: Roslan Rahman/AFP

မတ် ၁၉ ။     ။ စင်ကာပူမှာ မြန်မာ အိမ်အကူအမျိုးသမီးတစ်ဦးကို မတရား ညှဉ်းပန်းနှိပ်စက်ခဲ့မှုနဲ့ စင်ကာပူနိုင်ငံသား ဇနီးမောင်နှံ နှစ်ဦးကို ထောင်ဒဏ် အသီးသီး ချမှတ်လိုက်ပါတယ်။

အဆိုပါစင်ကာပူဇနီးမောင်နှံဟာ မြန်မာအိမ်ဖော်ကို ပါးစပ်ထဲ ကတော့တပ်ပြီး အစာတွေ လောင်းထည့်တာ၊ နောက်ပြီး အန်ဖတ်တွေ ပြန်စားခိုင်းတာ စတဲ့ ရက်စက်တဲ့ ညှင်းပန်းနှိပ်စက်မှုတွေ ကျူးလွန်ခဲ့သလို  ဒီလို နှိပ်စက်မှုတွေကို ပြန်တိုင်ရင် သူမ မိသားစုကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ စင်ကာပူမှာတော့ အဆိုးဝါးဆုံးသော နှိပ်စက်မှုမျိုး ဖြစ်တယ်လို့ စင်ကာပူအစိုးရရှေ့နေတွေက ပြောပါတယ်။

ယင်း ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့ ၂ နှစ်တုန်းကလည်း အခြား အိမ်ဖော်တစ်ဦးကို နှိပ်စက်မှုနဲ့ ထောင်ကျထားခဲ့သေးတယ်လို့ ဆိုပါတယ်။

ယခုဖြစ်စဉ်ဟာ ၎င်းတို့နှစ်ဦးဟာ မြန်မာအိမ်အကူကို ရိုက်နှက်၊ ကန်ကျောက်ခဲ့သလို အတွင်းခံနဲ့အတူ အိမ်သန့်ရှင်းရေးလုပ်ခိုင်းတာတို့ကိုပါ ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၂ နှစ်အရွယ် မြန်မာအိမ်အကူ မမိုးမိုးသန်း ဟာ အစာရေဆာ ဝဝလင်လင် မစားခဲ့ရသလို အိမ်သာကိုလည်း အကန့်အသတ်နဲ့သာ သုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလို နှိပ်စက်မှုတွေကို တိုင်တန်းရင် မြန်မာနိုင်ငံမှာ ရှိတဲ့ သူမ မိဘတွေကို သတ်မယ်လို့ပါ ခြိမ်းခြောက်ခံခဲ့ရတယ်လို့ တရားရုံးစစ်ချက်တွေအရ သိရပါတယ်။

ယင်းအမှုနဲ့ပတ်သက်လို့ မတ်လ ၁၈ ရက်မှာတော့ တရားသူကြီး အိုလီဗီးယားလိုး က အမျိုးသမီးဖြစ်သူ Chia Yun Ling ကို ထောင်ဒဏ် ၄၇ လ နဲ့ ဒဏ်ငွေပေးဆောင်ရန် လည်းကောင်း၊ သူမရဲ့ ခင်ပွန်းဖြစ်တဲ့ Tay Wee Kiat ကိုလည်း ထောင် ၂၄ လ ဆိုပြီး အသီးသီးချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာ့အိမ်အကူဖြစ်သူကို နစ်နာကြေးပေးဖို့လည်း ညွန်ကြားခံခဲ့့ရတယ်လို့ သိရပါတယ်။

သို့ပေမယ့် အဆိုပါပြစ်ဒဏ်ချမှတ်မှုနဲ့ပတ်သက်လို့ အွန်လိုင်းပေါ်မှာတော့ ဒေါသတကြီး တုန့်ပြန်မှုတွေ ရှိခဲ့ပြီး ၎င်းတို့နှစ်ဦးကို ယခုထက် ပိုကြီးလေးတဲ့ပြစ်ဒဏ်တွေ ချသင့်ကြောင်း တောင်းဆိုမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly