ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ထောင်ဒဏ် နှစ်၂၀ စီ အမိန့်ချမှတ်ခံရ

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ထောင်ဒဏ် နှစ်၂၀ စီ အမိန့်ချမှတ်ခံရ
 မတ်လ ၆ ရက်က စစ်တွေတရားရုံးတွင် ဒေါက်တာအေးမောင်အား ရုံးထုတ်လာစဉ်။ ဓာတ်ပုံ-EPA

ရန်ကုန်၊မတ် ၁၉ ။         ။ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံတော် ပုန်ကန်မှုများနှင့် စွဲချက်တင် တရားစွဲဆို ဖမ်းဆီးခံထားရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ထောင်ဒဏ် နှစ် ၂၀ စီ တစ်ပေါင်းတည်း ကျခံရန် စစ်တွေခရိုင်တရားရုံးမှ မတ်လ ၁၉ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့သည်။

 ၎င်းတို့နှစ်ဦးကို နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ နှင့် ထောင်ဒဏ်နှစ် ၂၀ ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ခြင်း ဖြစ်ပြီး ပြစ်ဒဏ်ကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ် ကာ အချုပ်ရက်များကိုပါ ထုတ်နုတ်ခံစားခွင့်ပြုခဲ့ကြောင်း တရားရုံးအမိန့်အရ သိရသည်။

 အဆိုပါအမိန့်အပေါ် တရားမျှတမှုမရှိဟု စာရေးဆရာ ဝေဟင်အောင်ဘက်မှ အမှုကို လိုက်ပါဆောင်ရွက်ပေးနေ သည့် ရှေ့နေ ဒေါ်အေးနုစိန်က ဆိုသည်။

  "အမိန့်ချမှတ်တဲ့အပေါ်မှာတော့ တရားမျှတမှုမရှိဘူး။ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံတည်ဆဲဥပဒေ ပုဒ်မ ၄၃၅ အရ ၁၉၇၃ ခု အနက်အဓိပ္ပာယ် ဖွင့်ဆိုခြင်းကို လုံးဝ ငြိစွန်းခြင်းမရှိဘဲနဲ့ တစ်ချိန်တည်း တစ်နေရာတည်းမှာ တစ်ယောက်တည်းက ပြောတဲ့ပြောဆိုချက်ကို ပြစ်မှုသုံးခုနဲ့ စွဲပြီးတော့ နှစ်ခုနဲ့ သီးခြားစီအပြစ်ပေးတယ်ဆိုတာ ဥပဒေနဲ့ ဆန်ကျင်တယ်။ ဥပဒေနဲ့ မညီညွှတ်ဘူး။တရားမျှတမှုရှိတဲ့ အမိန့်မဟုတ်ဘူး " ဟု ဒေါ်အေးနုစိန်က မဇ္ဈိမသို့ ပြောသည်။

 ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့နယ်၌ ကျင်းပသည့် “ရခိုင် ဘုရင့်နိုင်ငံတော် အချုပ်အခြာ အာဏာ ကျဆုံးခြင်း ၂၃၃ နှစ်မြောက် အထိမ်းအမှတ်” စာပေဟောပြောပွဲတွင် ဟောပြောခဲ့သည်များနှင့် ပတ်သက်ပြီး ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် မေလ ၃၁ ရက်က ကိုဝေဟင်အောင်အား ရုံးထုတ်လာစဉ်။

  " အယူခံထပ်ဝင်ဖို့က အမှုသည်နဲ့ ဆိုင်တယ်။ သူတို့က အယူခံတက်မယ်ဆိုရင် တက်မယ်။အယူခံ မတက်ဘူးဆိုလည်း မတက်ဘူးပေါ့။ ဒါက အမှုသည်နဲ့ဆိုင်တယ်" ဟု ဒေါ်အေးနုစိန်က ပြောသည်။

 ထိုအခမ်းအနားတွင် ဒေါက်တာအေးမောင် ပြောခဲ့သည်ဟုဆိုသော စကားများအနက် “ဗမာများအနေနဲ့ ရခိုင်လူမျိုးများအပေါ် ဗမာကျွန်အဖြစ် သဘောထားတယ်” ဆိုသော စကားအပေါ် အစိုးရက တရားစွဲခဲ့ခြင်း ဖြစ်သည်။

 မူလက ၎င်းတို့နှစ်ဦးအား မတရားသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) (၂) ကိုပါ ထည့်သွင်းခဲ့သော်လည်း သက်သေခိုင်လုံမှု မရှိ၍ စွဲချက်တင်သည့်အခါတွင် ထိုပုဒ်မကို ချန်ထားခဲ့သည်။

 အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ နေ့လည် ၁၂ နာရီ မိနစ် ၃၀ အချိန်တွင် ၎င်း၏ နေအိမ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အတူဟောပြောခဲ့သူ စာရေးဆရာ ဝေဟင်အောင်အား  ဇန်နဝါရီလ ၁၆ ရက် ညနေက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကာ အမှု ရင်ဆိုင်နေသည်မှာ တစ်နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly