ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှု NCA ရေးထိုးနိုင်ရေးအပေါ် အဟန့်အတားဖြစ်စေဟု KNPP ဆို

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှု NCA ရေးထိုးနိုင်ရေးအပေါ် အဟန့်အတားဖြစ်စေဟု KNPP ဆို
လွိုင်ကော်မြို့ရှိ ဗိုလ်ချုပ်မြင်းစီးကြေးရုပ် (ဓာတ်ပုံ- Union of Karenni State Youth-UKSY)

နေပြည်တော်(မတ်လ ၁၈ရက်၊ ၂၀၁၉ခုနှစ်)။ ။ ကယားပြည်နယ်တွင် အငြင်းပွားနေသည့် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူခြင်းသည် မိမိတို့ ကြိုးပမ်းနေသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးနိုင်ရေးအပေါ် အဟန့်အတားဖြစ်စေသည်ဟု ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)က ပြောဆိုလိုက်သည်။

“ကျွန်တော်ထင်တာတော့ သမိုင်းကြောင်းနဲ့ ပတ်သက်တယ်။ ပြီးတော့ တစ်ပြည်နယ်လုံးကိုလည်း ရိုက်ခတ်စေတယ်။ တစ်ပြည်နယ်လုံး မကဘူး။ တစ်နိုင်ငံလုံး ဒီကိစ္စတွေက ဟိုးလေးတကျော်ကျော် ဖြစ်သွားတယ်။ ပြောစရာတွေ အများကြီး ဖြစ်လာတဲ့အပေါ်မှာ သွားနေတဲ့ NCA လက်မှတ်ရေးထိုးရေး ကြိုးပမ်းမှုကိုတော့ အဟန့်အတား ဖြစ်စေပါတယ်” ဟု KNPP ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ဖလိုးက ပြောသည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)တွင် မတ်လ ၁၈ရက်က ပြုလုပ်သည့် NRPC နှင့် KNPP တို့အကြား NCA လက်မှတ်ရေးထိုးရေးအပါအဝင် ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးပွဲအပြီးတွင် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့်ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှု အပေါ် နဲနယ်ဖလိုးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကြေးရုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့မှ အဓိကကတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့အကြား ကျွန်တော်တို့ရဲ့သမိုင်းတွေကို အသိအမှတ်ပြုကြပေးဖို့ လိုပါတယ်။ တစ်ဖက်က သမိုင်းကို အဓိပ္ပာယ်ဖွင့်ဆိုပြီးတော့မှ ကျန်တဲ့တစ်ဖက်ပေါ်မှာ လာပြီးတော့ လွှမ်းမိုးတဲ့ သဏ္ဍာန်းမျိုးတွေကိုတော့ ကရင်နီပြည်သူလူထုနဲ့အတူ KNPP ကလည်း မလိုလား ပါဘူး” ဟု ၎င်းက ဆိုသည်။

လွိုင်ကော်မြို့၊ ကန္တာဟေဝန်ပန်းခြံရှိ ဗိုလ်ချုပ်မြင်းစီးကြေးရုပ် ဖယ်ရှားရေးတောင်းဆိုနေသည့် အင်အားစုများနှင့် KNPP အပါအဝင် ကယားပြည်နယ်အစိုးရအဖွဲ့၊ NRPC ၊ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီတို့ လာမည့် မတ်လ ၂ဝရက်တွင် ငါးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

ဗိုလ်ချုပ်ကြေးရုပ်ကို မတ်လ ၁ရရက်တွင် နောက်ဆုံးထား ရွှေ့ပြောင်းရန် ကရင်နီပြည် လူငယ်များအင်အားစုက ကြေငြာချက် ထုတ်ပြန်ခဲ့သော်လည်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက မတ်လ ၂ဝရက်တွင် ငါးပွင့်ဆိုင် တွေ့ဆုံ၊ ဆွေးနွေးပြီး အဆင်ပြေအောင် ဆောင်ရွက်ပေးမည်ဟု အကြောင်း ကြားထားခြင်း ဖြစ်သည်။

“ကျွန်တော်တို့ တောင်းဆိုတဲ့အတိုင်း သူတို့ လိုက်လုပ်ပေးနိုင်ရင် အကောင်းဆုံးပေါ့ဗျာ။ ဦးဇော်ဌေးကတော့ ပြီးပြတ်အောင် ညှိနှိုင်းပေးမယ်လို့ ပြောထားတာရှိတယ်။ ကျွန်တော်တို့ကတော့ မူလတောင်းဆိုချက်ဖြစ်တဲ့ ဖြုတ်သိမ်းရေးနဲ့ မဖြုတ်သိမ်းဘူးဆိုရင်လည်း ကရင်နီပြည်ရဲ့ ပြင်ပကို ရွွှေ့ပြောင်းရေးမူကိုပဲ ပြန်ကိုင် ထားတယ်” ဟု ကရင်နီပြည်လူငယ်များအင်အားစုမှ ခူးပိုးရယ်က မဇ္ဈိမကို ပြောသည်။

 အဆိုပါ ငါးပွင့်ဆိုင် ဆွေးနွေးပွဲရလဒ်ပေါ်မူတည်ပြီးမှသာ ဆက်လက်ဆုံးဖြတ်သွားမည်ဟု ၎င်းက ဆိုသည်။ ကြေးရုပ်ဖျက်သိမ်းရေး ဆန္ဒပြသူများက ၎င်းတို့အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို ဆန့်ကျင်ခြင်းမဟုတ်ဘဲ ဗိုလ်ချုပ်၏ ကတိကဝတ်ကို အကောင်အထည်မဖော်ဘဲ ရုပ်တုကိုသာ အတင်းအကြပ် စိုက်ထူခဲ့သည့်အတွက် ကန့်ကွက်ခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။

နဲနယ်ဖလိုးက “နှစ်ဦးနှစ်ဖက်ရဲ့သမိုင်းတွေကို အပြန်အလှန် အသိအမှတ်ပြုပေးပါ။ ပြီးတော့ ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်မှုအကျိုးကိုလည်း ကြည့်ပေးပါ” ဟုလည်း ကယားပြည်နယ်အစိုးရကို တိုက်တွန်းသည်။

ကယားပြည်နယ်၏ မြို့တော် လွိုင်ကော်တွင် ဗို်လ်ချုပ်ကြေးရုပ် မထားရှိရေး ကန့်ကွက်မှုများကြားက မြို့လယ် တွင် မြင်းစီးကြေးရုပ် ထားရှိသည့်အပေါ် ပြီးခဲ့သည့်လအတွင်း လူထောင်နှင့်ချီပါဝင်သည့် ဒေသခံများက ကြေးရုပ်ကန့်ကွက်ပွဲပြုလုပ်စဉ် လုံခြုံရေးရဲများက ရာဘာကျည်ဖြင့် ပစ်ခတ်နှိမ်နင်းသည်အထိ တင်းမာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly