တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် လုံးဝ မပါဝင်ရေး ပြင်ဆင်ချက်တင်

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် လုံးဝ မပါဝင်ရေး ပြင်ဆင်ချက်တင်

နေပြည်တော်၊ မတ်လ(၁၈)  ။     ။ ပြည်သူ့လွှတ် တော် ၊ အမျိုးသားလွှတ်တော် နှစ်ခုလုံးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ ဥပဒေနှင့် အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား ကိုယ်စားလှယ်များ လုံးဝ မပါဝင်ရေးကို ပြင်ဆင်ချက်တင်သွင်းခဲ့ သည်။

မတ်လ ၁၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော် (ဒီ) ဆောင် အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းဝေးတွင် အခန်း(၄) ဥပဒေပြုရေး အပိုင်းကို ပြင်ဆင်ချက် တင်သွင်းရာတွင် ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးအောင်ကျော်ဇံက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်က လျော့ချတာ မဟုတ်ဘူး။ လုံးဝ အပြတ် (လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်ခြင်းမရှိ)။ NLD ကတော့ လျော့ချ တယ်ပေါ့”ဟု ၎င်းက ဆိုသည်။

အာဏာရပါတီ NLD ဘက်ကမူ လွှတ်တော်တွင်း တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း မပါဝင်ရေး အတွက်ကို တတိယအကြိမ် လွှတ်တော်သက်တမ်းတွင်းမှ စတင်ကာ လျော့ချသည့် နည်းလမ်းဖြင့် ပြင်ဆင်ချက် တင်သွင်းခဲ့သည်။

“NLD ဘက်က ရာခိုင်နှုန်းနဲ့ လျော့ချတာ။  ရာခိုင်နှုန်းနဲ့ သုံးကြိမ် လျော့ချတယ် ပေါ့ ။ သုံးကြိမ်ဆိုတာ အခု ဒုတိယ အကြိမ် မပါဘူး။ တတိယအကြိမ်မှာ လျော့မယ်။ စတုတ္ထ အကြိမ်မှာ လျော့မယ်။ နောက်ပဥ္စမအကြိမ် ငါးနှစ်၊ ငါးနှစ်တာ သုံးခါလျော့မယ်။ ၁၅၊ ၁၀၊ ၅ ပေါ့ဗျာ။ အဲဒါဆိုရင် တတိယ အကြိမ်မှာဆိုရင် သုညပေါ့။ လျော့ပြီးသွားမှာပေါ့”ဟု ၎င်းက ပြောကြားသည်။
မတ်လ ၁၈ ရက်နေ့ ပြင်ဆင်ချက် တင်သွင်းမှုများနှင့် ပတ်သတ်ပြီး အစည်းအဝေးတက်ရောက်လာသည့် တပ်မတော်သား တစ်ဦးကို မေးမြန်းရာတွင် တစ်စုံတစ်ရာ မှတ်ချက်ပြု ဖြေကြားသွားခြင်း မရှိခဲ့ပါ။

အခန်း(၄) တွင် ပုဒ်မ (၇၄) မှ စတင်ကာ ပုဒ်မ (၁၉၈)ထိ ရှိပြီး ယနေ့ အစည်းအဝေးတွင် နိုင်ငံရေးပါတီ အသီးသီးမှ ပြင်ဆင်ချက်တစ်ချို့ရှိခဲ့သည်။

ထိုပြင်ဆင်ချက်များတွင် တူညီချက်များရှိသလို မတူညီသည့်အချက်များပါဝင်ခဲ့ပြီး၊ ပြင်ဆင်ခြင်းမရှိသည့် အချက်များ ပါဝင်ခဲ့ကာ ပုဒ်မ (၁၄၇) အစု ခေါင်းစဉ် ထိ ဆွေးနွေးခဲ့ကြကြောင်း မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) မှ  အမျိုးသားလွှတ်တေ်ာကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဆိုသည်။

လက်ရှိ အခြေခံဥပဒေပုဒ်မ ၁၀၉ အရ ပြည်သူ့လွှတ်တေ်ာတွင် ကိုယ်စားလှယ်ဦးရေ အများဆုံး ၄၄၀ ဦးဖြင့် ဖွဲ့စည်းရမည်ဟု ပါရှိသည်။

ယင်း၏ ပုဒ်မခွဲ(က)တွင်  မြို့နယ်ကို အခြေခံ၍ လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း မြို့နယ် ၃၃၀ ထက်ပိုပါက အသစ်ဖွဲ့စည်းမည့် မြို့နယ်ကို တစ်ဆက် တစ်စပ်တည်းဖြစ်သော သင့်လျော်သည့် မြို့နယ်တစ်ခုနှင့် ပူးပေါင်းကာ ဥပဒေနှင့်အညီ သတ်မှတ်ပြီး မဲဆန္ဒနယ် သတ်မှတ်၍ ရွေးကောက် တင်မြှောက်သည့် ၃၃၀ ထက် မပိုသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် သတ်မှတ်နိုင်သည်ဟု ပါရှိသည်။

ပုဒ်မခွဲ(ခ)တွင်မူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့် အညီ အမည်စာရင်းတင်သွင်းသည့် ၁၁၀ ထက် မပိုသော တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်။

အလားတူ အခြေခံဥပဒေပုဒ်မ ၁၄၁ အရ အမျိုးသားလွှတ်တေ်ာတွင် ကို်ယ်စားလှယ်ဦးရေ အများဆုံး ၂၂၄ ဦး ဖြင့် ဖွဲ့စည်းရမည်ဖြစ်ပြီး ပုဒ်မခွဲ(က)တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တစ်ခုစီမှ ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်စေကာ ပြည်ထောင်စု နယ်မြေများ အပါအဝင် တိုင်းဒေသကြီး (သို့) ပြည်နယ် တစ်ခုစီအတွက်  ကိုယ်စားလှယ် ၁၂ ဦး ကျစီ တူညီစွာဖြင့် ရွေးကောက်တင်မြှောက်ရမည်ဟု ပါရှိပြီး၊ ပုဒ်မခွဲ(ခ)တွင်မူ သက်ဆိုင်ရာ ပြည်ထောင်စု နယ်မြေများ အပါအဝင် တိုင်းဒေသကြီး (သို့) ပြည်နယ် တစ်ခုစီအတွက် ကိုယ်စားလှယ်လေးဦးကျစီဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ တပ်မတော်သား ကိုယ်စားလှယ်ဦး ၅၆ ဦးကို ခန့်အပ်ရမည်ဟု ပါရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly